October 19, 2024

၂၃. ၁၁. ၂၀၂၃
Written by Nyein Kyaw

ပုဂ္ဂလိကကျောင်းများ၏ ကျောင်းသားဦးရေ အတိုးအလျှော့စာရင်းများနှင့် ကျောင်းသားများ၏ အမည်စာရင်းများကို ကောက်ခံထားခြင်းမရှိကြောင်းနှင့် ပြည်တက္ကသိုလ်ကျောင်းဝန်းအတွင်းရှိ ဆရာ၊ ဆရာမများကိုလည်း ပြောင်းရွှေ့ထွက်ခွာရန် ညွှန်ကြားထားမှုမရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။

အစိုးရအနေဖြင့် CDM ကျောင်းသားများ စာရင်းကိုသိရှိလိုခြင်း၊ ကျောင်းသားများကို လူသားတံတိုင်းအဖြစ် ဆောင်ရွက်လိုခြင်းနှင့် CDM ကျောင်းသားများကို ကျောင်းပြန်တက်စေလိုခြင်းများကြောင့် ပုဂ္ဂလိကကျောင်းများတွင် အတန်းလိုက် ကျောင်းသားဦးရေ အတိုးအလျှော့စာရင်း၊ ကျောင်းသားများ၏ အမည်စာရင်းများနှင့် ကျောင်းများ၏ ဘဏ္ဍာ‌ရေးဆိုင်ရာ ကောက်ခံစာရင်းများကို ပေးရမည်ဟု ထုတ်ပြန်ထားသည့်အတွက် ကျောင်းများတွင် ဖောင်ဖြည့်ပေးရန် အတင်းကောက်ခံနေခြင်းကြောင့် ကျောင်းသားမိဘများက စိုရိမ်နေကြသည်ဟု ကောလာဟလသတင်းများ လုပ်ကြံဖန်တီးပြီး လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ထုတ်လွှင့်နေခြင်းဖြစ်သည်။

အဆိုပါအကြောင်းအရာနှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနမှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ ကျောင်းသားများ၏ ကိုယ်ရေးအချက်အလက်များ တောင်းခံမှုမရှိကြောင်း ထုတ်ပြန်ထားသည်။

ထို့အတူ ပဲခူးတိုင်းဒေသကြီး၊ ပြည်တက္ကသိုလ်တွင် နိုဝင်ဘာ ၁၄ ရက်၌ တပ်မတော်မှ ဝင်ရောက်တပ်စွဲခဲ့ပြီး ကျောင်းရှိ ပါမောက္ခချုပ်အပါအဝင် ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများအား နိုဝင်ဘာ ၂၆ ရက် နောက်ဆုံးထားပြီး ကျောင်းဝန်းထဲမှ ပြောင်းရွှေ့ထွက်ခွာပေးရန် ပြောကြားခဲ့ခြင်းကြောင့် ဆရာ၊ ဆရာမ၊ ပညာရေးဝန်ထမ်းများ ရပ်ကွက်များအတွင်း အိမ်ငှားရှာနေရသည်ဆိုသည့် လုပ်ကြံသတင်းအမှားအား လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားဖြန့်ဝေမှုများကို ဆောင်ရွက်လျက်ရှိသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍လည်း လုံခြုံရေးရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ဖြေကြားချက်အရ ပြည်တက္ကသိုလ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးဆောင်ရွက်လျက်ရှိကြောင်း၊ ပညာရေးဝန်ထမ်းများအား ပြောင်းရွှေ့ထွက်ခွာစေခြင်းမရှိကြောင်းနှင့် သတင်းအမှားသာဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပြည်ပရောက်မီဒီယာများအနေဖြင့် ပညာရေးနှင့် ပတ်သက်၍ ကောလာဟလသတင်းများ ထုတ်လွှင့်ဖြန့်ဝေခြင်းသည် နိုင်ငံတော်အတွင်း အေးချမ်းစွာ ပညာသင်ကြားနေသည့် ကျောင်းသားများနှင့် မိဘများကို စိုးရိမ်ပူပန်မှုဖြစ်စေရန်နှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်း‌ဆောင်ရွက်နေမှုများအပေါ် ပြည်သူများ အထင်အမြင်လွှဲမှားစေရန် ရည်ရွယ်၍ သတင်းအတု၊ သတင်းအမှားများကို လုပ်ကြံဖန်တီး ရေးသားဖော်ပြခြင်းသာ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *