၂၃. ၁၁. ၂၀၂၃
Written by Nay Aung
ပြီးခဲ့သည့် အောက်တိုဘာလကုန်ပိုင်းမှ စတင်ပြီးဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာနေရသူအရေအတွက်သည် မြင့်တက်လာနေပြီး လူပေါင်း၂၈၆၀၀၀ ကျော်ရှိနေကာ လူ ၂၀၀ နီးပါး သေဆုံးထားကြောင်း ကုလသမဂ္ဂအဖွဲ့အစည်းဖြစ်သော OCHA က နိုဝင်ဘာ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သော ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
မြန်မာနိုင်ငံ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အောက်တိုဘာ ၂၇ ရက်နေ့ကစတင်ပြီး MNDAA၊ TNLA နှင့် AA တို့က ၁၀၂၇ စစ်ဆင်ရေးစတင်ခဲ့ရာ တပ်မတော်နှင့်တိုင်းရင်း သားလက်နက်ကိုင်တပ်ဖွဲ့များအကြား တိုက်ပွဲများစတင်ဖြစ်ပွားလာခဲ့ပြီးနောက် လက်နက်ကိုင်ပဋိပက္ခများသည် အရှိန်အဟုန်မြင့်လာပြီး အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများအထိ တိုက်ပွဲများ ကျယ်ပြန့်လာခဲ့ရကြောင်း ကုလသမဂ္ဂအဖွဲ၏လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးရေးအဖွဲ့ OCHA က ပြောသည်။
တိုက်ပွဲများကြောင့် အထူးသဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်း၊ စစ်ကိုင်း၊ ကယား၊ ရခိုင်နှင့် ချင်း ပြည်နယ်တောင်ပိုင်းဒေသများတွင် နေရပ်စွန့်ခွာရမှုအရေအတွက် များပြားလျက်ရှိနေကြောင်း သိရသည်။ ထို့အပြင် အောက်တိုဘာ ၂၇ ရက်နေ့တွင် စတင်ခဲ့သော တိုက်ပွဲများကြောင့် အရပ်သား ၁၈၇ ဦးသေဆုံးထားကာ လူပေါင်း ၂၄၆ ဦး ဒဏ်ရာရထားကြောင်း ကုလသမဂ္ဂအဖွဲ့က ပြောသည်။ အောက်တိုဘာလတွင်း စတင်ဖြစ်ပွားခဲ့သောတိုက်ပွဲများကြောင့် မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာထွက်ပြေးရသူအရေအတွက် စုစုပေါင်းသည် ၂ သန်းကျော်သွားခဲ့ပြီဖြစ်ကြောင်း ကုလသမဂ္ဂအဖွဲ့က ပြော သည်။
အဆိုပါလက်နက်ကိုင်ပဋိပက္ခများကြောင့် အရေးပါသော သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများ ပိတ်ဆို့ပြတ်တောက်လျက်ရှိပြီး အရပ်သားရွှေ့ပြောင်းသွားလာမှုနှင့်လူသားချင်းစာနာမှုဆိုင်ရာ အကူအညီဝင်ရောက်ပေးအပ်နိုင်ရန် အဟန့်အတားများလည်း ဖြစ်ပေါ်နေကြောင်း သိရသည်။ နေရပ်စွန့်ခွာနေထိုင်ရသူများသည် ငွေသား၊ စားနပ်ရိက္ခာ၊ လုံခြုံသည့်အမိုးအကာနှင့် အခြေခံလူ့အသုံးအဆောင်ပစ္စည်း၊ တကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်း၊ အခြေခံကျန်းမာရေးဝန်ဆောင်မှုနှင့် ကာကွယ်စောင့်ရှောက်မှုစသော လူသားချင်းဆိုင်ရာစာနာမှုအကူအညီ လိုအပ်လျက်ရှိနေကြောင်း ကုလသမဂ္ဂအဖွဲ့က ပြောသည်။
Ref; reliefweb