၂၃. ၁၁. ၂၀၂၃
Written by Treasure
အာဆီယံဒေသရဲ့အကောင်းဆုံးအဖြစ် ရပ်တည်နေတဲ့ ထိုင်းအသင်းဟာ နိုဝင်ဘာ ၂၂ ရက်နေ့က အသင်းရဲ့နည်းပြချုပ် ဘရာဇီးနိုင်ငံသား အလက်ဇန်းဒါးပေါလ်ကင်းနဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းလမ်းခွဲခဲ့ပြီး ဂျပန်နိုင်ငံသား နည်းပြ မာစာတာဒါ အီရှီကို နည်းပြချုပ်အဖြစ် ခန့်အပ်တာဝန်ပေးခဲ့ပါတယ်။
အလက်ဇန်းဒါးပေါလ်ကင်းဟာ ထိုင်းလိဂ်ကလပ်အသင်းတွေဖြစ်တဲ့ အာမီယူနိုက်တက်၊ ဆဖန်ဘူရီ၊ ဘန်ကောက်ယူနိုက်တက်တို့နဲ့ ဗီယက်နမ်ကလပ် ဟိုချီမင်းစီးတီးအသင်းတို့ကို ကိုင်တွယ်ခဲ့ဖူးသလို ထိုင်းယူ-၂၃ အသင်းနဲ့ ထိုင်းလက်ရွေးစင်အသင်းကြီးကိုလည်း ကိုင်တွယ်ခဲ့သူဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်မှယ ထိုင်းအသင်းကနေ ဂျပန်နိုင်ငံသားနည်းပြ အာကီရာ နီရှီနိုကို ထုတ်ပယ်ခဲ့ပြီးချိန်မှာ ထိုင်အသင်းရဲ့ မန်နေဂျာ မစ္စပန်ရဲ့ စေခိုင်းမှုအရ အလက်ဇန်းဒါးပေါလ်ကင်းဟာ ထိုင်းအသင်းရဲ့ နည်းပြချုပ်ရာထူးကို တာဝန်ယူခဲ့ပါတယ်။
ထိုင်းအသင်းရဲ့ နည်းပြချုပ်ရာထူးအပြင် ယူ-၂၃ အသင်းရဲ့ နည်းပြချုပ်ရာထူးကိုပါ ပူးတွဲကိုင်တွယ်ခဲ့တဲ့ အလက်ဇန်းဒါးပေါလ်ကင်းဟာ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲမှာ နှစ်နှစ်ဆက်တိုက် ချန်ပီယံဆုဖလားရရှိအောင် စွမ်းဆောင်နိုင်ခဲ့သလို ကမ္ဘောဒီးယားဆီးဂိမ်းပြိုင်ပွဲမှာလည်း ငွေတံဆိပ်ဆု ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ လက်ရှိကျင်းပနေတဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ဒုတိယအဆင့်ခြေစစ်ပွဲရဲ့ အဖွင့်ပွဲစဉ်မှာ တရုတ်အသင်းကို ရှုံးနိမ့်ခဲ့ပေမယ့် စင်ကာပူအသင်းနဲ့ ပွဲစဉ်မှာတော့ ဂိုးပြတ်နိုင်ပွဲရရှိအောင် စွမ်းဆောင်ခဲ့ပါတယ်။
အလက်ဇန်းဒါးပေါလ်ကင်းဟာ စင်ကာပူအသင်းကို အနိုင်ရရှိတဲ့ပွဲစဉ်အပြီး ထိုင်းအသင်းနဲ့ နှစ်ဦးသဘောတူလမ်းခွဲတာဖြစ်ပါတယ်။ ထိုင်းအသင်းကတော့ နည်းပြချုပ် အလက်ဇန်းဒါးပေါလ်ကင်းနဲ့ လမ်းခွဲခဲ့တာနဲ့ ပက်သက်ပြီး ထိုင်းလက်ရွေးစင်အသင်းနည်းပြချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ ၂ နှစ် ၅၆ ရက်တိုင်တိုင် ထိုင်းလက်ရွေးစင်အသင်းကို ဦးဆောင်ကာ အာဆီယံချန်ပီယံရှစ်ကို ၂ ကြိမ်ဆက်တိုက် ချန်ပီယံဆုရယူပေးခဲ့တဲ့အတွက် အနာဂတ်ခရီးလမ်းမှာ အောင်မြင်မှုဆက်လက်ရရှိဖို့ ဆုမွန်တောင်းကြောင်း သူတို့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ထိုင်းဘောလုံးအဖွဲ့ချုပ်ဟာ လစ်လပ်နေတဲ့ ထိုင်းလက်ရွေးစင်အသင်း နည်းပြချုပ်ရာထူးအတွက် ဂျပန်နိုင်ငံသား နည်းပြ မာစာတာဒါ အီရှီကို တာဝန်ပေးခဲ့ပါတယ်။ ထိုင်းအသင်းရဲ့ နည်းပြချုပ် မာစာတာဒါ အီရှီဟာ ထိုင်းလိဂ်ကလပ်အသင်းတွေဖြစ်တဲ့ ဆမတ်ပါရာကန်အသင်းနဲ့ ဘူရီယမ်အသင်းတို့ကို ကိုင်တွယ်ခဲ့ဖူးတဲ့ နည်းပြတစ်ဦးဖြစ်ပါတယ်။