MT News
Written by Thettant
ဒီနေ့ နိုဝင်ဘာ ၂၁ ရက်မှာ ၂၀၂၆ ကမ္ဘာ့ဖလား ဒုတိယအဆင့်ခြေစစ်ပွဲ ဒုတိယပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ မြန်မာအသင်းနဲ့ မြောက်ကိုရီးယားအသင်းပွဲစဉ်မှာ မြန်မာအသင်းအနေနဲ့ မြောက်ကိုရီးယားအသင်းနဲ့ တွေ့ဆုံတိုင်းမှာ ရလဒ်မကောင်းခဲ့မှုကို ချိုးဖျက်သွားမယ်လို့ မြန်မာအသင်းရဲ့နည်းပြချုပ် မိုက်ကယ်က ပြောကြားထားပေမဲ့လည်း တကယ်ကန်ချိန်မှာတော့ မြန်မာအသင်းဟာ မြောက်ကိုရီးယားကို ၆ ဂိုး ၁ ဂိုးနဲ့ အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပါတယ်။
ဂျပန်အသင်းကို ၅ ဂိုးပြတ်ရှုံးထားတဲ့ မြန်မာအသင်းဟာ မြောက်ကိုရီးယားကို ရလဒ်ကောင်းရဖို့ ကြိုးစားပေမဲ့လည်း တစ်သင်းလုံးက ညံ့ဖျင်းနေတာကြောင့် ဂျောင်အီဂွမ်က ပွဲချိန်မိနစ် ၃၀ မှာ ဦးဆောင်ဂိုးရယူသွားသလို ဂျုဆောင်ချိုးကလည်း ပွဲချိန် ၃၄ မိနစ်မှာ ပင်နယ်လ်တီကနေ ဒုတိယအနိုင်ဂိုး ရသွားခဲ့ပြီး ပွဲချိန် ၃၈ မိနစ်မှာ ကွမ်ဆောင်ဟန်က တတိယဂိုးသွင်းခဲ့လို့ ပထမပိုင်းမှာ မြန်မာအသင်း သုံးဂိုးပြတ်ရှုံးခဲ့ပါတယ်။ ဒုတိယပိုင်းပြန်အစ ပွဲချိန် ၅၄ မိနစ်နဲ့ ၅၆ မိနစ်မှာ ဂျောင်အီဂွမ်က သူ့အတွက် ဟတ်ထရစ်ဖြစ်စေမဲ့ နှစ်ဂိုးဆက်တိုက်သွင်းယူသွားခဲ့ပါတယ်။ ပွဲချိန်မိနစ် ၇၀ မှာတော့ လူစားဝင်ကစားသမား ရိဟွိုင်းဂျင်းက ၆ ဂိုးမြောက်ဂိုးကို သွင်းယူခဲ့သလို မြန်မာအသင်းအတွက် နှစ်သိမ့်ဂိုးကိုတော့ ပွဲကစားချိန် ၇၇ မိနစ်မှာ ဝင်းနိုင်ထွန်းက သွင်းယူပေးခဲ့လို့ မြန်မာအသင်းဟာ အိမ်ကွင်းမှာ မြောက်ကိုရီးယားကို ၆ ဂိုး ၁ ဂိုးနဲ့ မရှုမလှရှုံးနိမ့်ခဲ့ရပါတယ်။
မြန်မာအသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား ဒုတိယအဆင့်ခြေစစ်ပွဲမှာ ဂျပန်၊ မြောက်ကိုရီးယား၊ ဆီးရီးယားအသင်းတွေနဲ့ တွေ့ဆုံနေခဲ့တာဖြစ်ပြီး လက်ရှိနှစ်ပွဲကန်ပြီးချိန်မှာ ပေးဂိုး ၁၁ ဂိုး၊ ရဂိုး ၁ ဂိုးနဲ့ အမှတ်ဗလာဖြစ်နေတာနဲ့ ပြိုင်ဘက်အသင်းအားလုံးဟာ မြန်မာအသင်းထက်ခြေစွမ်းသာလွန်းနေတာကြောင့် ၂၀၂၆ ကမ္ဘာ့ဖလားကို ဒုတိယအဆင့်နဲ့ နှုတ်ဆက်ရမဲ့အခြေအနေလည်း ဖြစ်နေပါတယ်။