MT News
Written by Kyaw Soe Moe (Pyapon)
(၃၃)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ကို နိုဝင်ဘာ ၂၀ ရက် မွန်းလွဲ ၂ နာရီအချိန်မှစတင်၍ ဖျာပုံခရိုင် လူမှုဝန်ထမ်းရုံးဝန်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
“ကလေးသူငယ်တွေကို ရိုက်နှက်ပြစ်ဒဏ်ပေးမှု အပါအဝင် အပြစ်ပေးမှု ပုံစံအမျိုးမျိုးကို အသုံးမပြုဘဲ အကျိုးအကြောင်းပြ နည်းလမ်းပေး လမ်းညွှန်ပေးကြစေချင်ပါတယ်”ဟု ဖျာပုံခရိုင် အုပ်ချုပ်ရေးမှူး ဦးတင်လင်းက ပြောကြားသည်။
“ကလေးသူငယ်တွေရဲ့ အခွင့်အရေးတွေ မြှင့်တင်ပေးဖို့ ရည်ရွယ်ပြီး ကမ္ဘာ့ကလေးများနေ့ကို ကျင်းပပေးတာပါ”ဟု ဖျာပုံခရိုင်လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးအေးကျော်က ပြောသည်။
ကမ္ဘာ့ကလေးများနေ့အား စည်ကားသိုက်မြိုက်စွာကျင်းပပေးသည့်အတွက် ပီတိဖြစ်ရပြီး ကမ္ဘာ့ကလေးများနေ့ကို နှစ်စဉ်နှစ်တိုင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပေးစေချင်ကြောင်း ကလေးငယ်များ၏ ဖခင်များဖြစ်သော ဦးကျော်လင်းထွန်းနှင့် ဦးသိန်းဇော်တို့က ဆန္ဒထပ်တူပြောကြားသည်။
ကမ္ဘာ့ကလေးများနေ့ အခမ်းအနားအား ဖျာပုံခရိုင်အတွင်းရှိ မူလတန်းကြိုကျောင်းများမှ ကလေးများ၊ ပညာပျိုးခင်းမိခင်ဝိုင်းမှ ကလေးများ၊ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းများမှ ကလေးငယ်များ ပါဝင်ယှဉ်ပြိုင်ဆင်နွဲခဲ့ကြပြီး တေးသရုပ်ဖော် အကများ၊ အားကစားပြိုင်ပွဲများ၊ ဆေးရောင်စုံချယ်ပြိုင်ပွဲများလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။