October 30, 2024

MT News

Written by Nyein Kyaw

KNPP အဖွဲ့နှင့် PDF အဖွဲ့များ ဖမ်းဆီးထားသည့် ကယား ပြည်နယ်၊ လွိုင်ကော်တက္ကသိုလ်မှ ပါမောက္ခချုပ်အပါ အဝင် ဆရာ၊ ဆရာများ တစ်စုံတစ်ရာ ထိခိုက်နစ်နာမှုရှိခဲ့ပါက ဖမ်းဆီးထားသည့် အဖွဲ့အစည်းသည် ကြီးလေးသည့်ပြစ်ဒဏ်ခံရမည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့တွင် ပြောကြားသည်။

“ဆရာ၊ ဆရာမတွေ ဖမ်းဆီးခေါ်ဆောင်သွားမှု၊တက္ကသိုလ် အဆောက်အအုံထဲမှာ ဝင်ပြီးတော့မှ ပစ်ခတ်တိုက်ခိုက်ခဲ့မှု၊ ဆရာမအချို့ကို သ-ဖြ-သွားခဲ့မှု၊ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ထူးဆန်းစွာပဲ နှုတ်ဆိတ်နေတာကို တွေ့ရပါတယ်။ ဒါကြောင့်မို့ ဒီနေ့ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်လုပ်ရပ်များဟာ ဒီပြည်တွင်းမှာရှိနေတဲ့ ပြည်ဖျက်တွေ၊ ပြည်ပမှာရှိနေတဲ့ ပြည်ဖျက်မီဒီယာတွေ ပူးပေါင်းပြီးတော့ လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။ သူတို့ပြောနေတဲ့ အလုံးစုံပျက်သုန်းရေးဆိုတဲ့ဟာမျိုးကို ဦးတည်ပြီး ဆောင်ရွက်နေတာမျိုးဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးရှုတ်ချခဲ့တဲ့ အဖွဲ့အစည်းအသီးသီးကိုလည်း ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဆရာဆရာမတွေ ထိန်းသိမ်းခံထားရတဲ့ ဆရာ၊ ဆရာမတွေနဲ့ ပတ်သက်ပြီး တစ်စုံတစ်ခုထိခိုက်နစ်နာမှုရှိခဲ့ရင် ဒီဖမ်းဆီးထိန်းသိမ်းထားတဲ့ အဖွဲ့သည် တာဝန်ယူ၊ တာဝန်ခံရမယ်။ ကြီးလေးတဲ့ ပြစ်ဒဏ်ခံရမယ်ဆိုတာကို ပြောချင်ပါတယ်” ဟု SAC ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

KNPP အဖွဲ့နှင့် PDF အဖွဲ့များသည် နိုဝင်ဘာ ၁၃ ရက်နှင့် ၁၄ ‌ရက်တို့တွင် စစ်ရေးနှင့် မသက်ဆိုင်သည့် လွိုင်ကော်တက္ကသိုလ်အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရည်ရွယ်ချက်ရှိရှိ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အေးချမ်းစွာ ပညာသင်ကြားလျက်ရှိသည့် ပါမောက္ခချုပ် အပါဝင် ဆရာ၊ ဆရာမများ မိသားစုဝင်များကို ၎င်းတို့အနေဖြင့် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီးနောက် လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် မဟုတ်မမှန် ဝါဒဖြန့်သတင်းများ ထုတ်ပြန်လျက်ရှိသည်ကို တွေ့ရှိရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) သတင်းထုတ်ပြန်‌ရေးအဖွဲ့မှ ယနေ့တွင် ထုတ်ပြန်ထားသည်။

KNPP အဖွဲ့နှင့် PDF အဖွဲ့များအနေဖြင့် လွိုင်ကော်တက္ကသိုလ်ကို အင်အားအလုံးအရင်းအသုံးပြု ဝင်ရောက်တိုက်ခိုက်ခဲ့ချိန်တွင် ပါမောက္ခချုပ် အပါအဝင် ဆရာ၊ ဆရာမများ မိသားစုဝင်များအား CDM မပြုလုပ်သည့် အတွက် သ-ဖြ-မည်ဟု ခြိမ်းခြောက်ကာ လူသားတံတိုင်းအဖြစ် အသုံးပြုရန်အတွက် အတင်းအဓမ္မဖမ်းဆီး ခေါ်ဆောင်သွားခြင်းသာဖြစ်ပြီး ဆရာ၊ ဆရာမအချို့ကိုလည်း ရက်စက်စွာသ-ဖြ-ခဲ့ကြောင်း တွေ့ရှိရသည်။

ထို့ပြင် ၎င်းတို့၏လုပ်ရပ်ကြောင့် သင်ကြားရေးအထောက်အကူပြု အ‌ဆောက်အဦအချို့ ထိခိုက်ပျက်စီးခဲ့ကြောင်းနှင့် နိုဝင်ဘာ ၁၃ ရက်တွင် အဆိုပါတက္ကသိုလ်၌ စတင်ဖြေဆိုမည့် အဝေးသင်တက္ကသိုလ် တတိယအသုတ်စာမေးပွဲများကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့ရသဖြင့် ကျောင်းသား၊ ကျောင်းသူများအတွက် ထိခိုက်နစ်နာမှုများစွာကို ဖြစ်ပေါ်စေခဲ့ကြောင်း တွေ့ရှိရသည်။

၎င်းတို့အနေဖြင့် အေးချမ်းစွာပညာသင်ကြားလျက်ရှိသည့် ပါမောက္ခချုပ် အပါဝင် ဆရာ၊ ဆရာမများ မိသားစုဝင်များအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင် သွားခြင်းကို ကယ်ထုတ်ခဲ့သည်ဟူ၍ လည်းကောင်း၊ ကောင်းမွန်စွာဖြင့် ထိန်းသိမ်းထားရှိသည်ဟူ၍လည်း ကောင်း၊ ပါမောက္ခချုပ် အပါအဝင် ဆရာ၊ ဆရာမများကို ခြိမ်းခြောက်အကြပ်ကိုင်၍ ၎င်းတို့အလိုကျ အကွက်ဆင်ပြောဆိုရိုက်ကူးထားသည့် Video File ကို အသုံးပြုကာ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်စီးစေလိုသည့် ပြည်ဖျက်မီဒီယာများမှတစ်ဆင့် နိုဝင်ဘာ ၂၀ ရက်တွင် မဟုတ်မမှန် ဝါဒဖြန့်ထုတ်ပြန်မှုများကို လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရသည်။

တပ်မတော်အနေဖြင့် KNPP အဖွဲနှင့် PDF အမည်ခံ အဖွဲ့များ၏ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရသည့် CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ခြင်း မရှိဘဲ နိုင်ငံတော်အပေါ် သစ္စာရှိစွာဖြင့် သင်ကြားရေး တာဝန်များကို ထမ်းဆောင်ခဲ့သည့် လွိုင်ကော်တက္ကသိုလ်မှ ပါမောက္ခချုပ် အပါအဝင် ဆရာ၊ ဆရာမများ၊ မိသားစုဝင်များအား ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် ပြန်လည်ကယ်တင်နိုင်ရေး လိုအပ်သည်များကို အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *