MT News
Written by Nyein Kyaw
အွန်လိုင်းလိမ်လည်သူများ လွှဲပြောင်းပေးရာတွင် တရုတ်နိုင်ငံမှ လိုချင်သူများ မပါသေး၍ မြောက်ပိုင်းတွင် တိုက်ပွဲများ ဆက်လက်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း MNDAA နှင့် အနောက်အုပ်စု အထောက်အပံ့ယူ မီဒီယာများ ပူးပေါင်း၍ မြန်မာ-တရုတ်နှစ်နိုင်ငံဆက်ဆံရေး ပျက်ပြားလာအောင် ဆောင်ရွက်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့တွင် ပြောကြားသည်။
“အဓိကတော့ အနောက်နိုင်ငံတွေက ထောက်ပံ့ထားတဲ့ မီဒီယာများအနေနဲ့ မဟုတ်မမှန်သတင်းတွေ ထုတ်လွှင့်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး၊ နှစ်နိုင်ငံပြည်သူ လူထုအကြား အထင်အမြင်လွဲစေရေး ဆောင်ရွက်နေတာတွေ ရှိပါတယ်။ ဒီထဲမှာ တရုတ်က လိုချင်တဲ့သူတွေမပါလို့မို့ မြောက်ပိုင်းအဖွဲ့တွေက ဆက်တိုက်နေတယ်ဆိုတဲ့၊ တိုက်ပွဲတွေဆင်နွှဲနေတယ်ဆိုတဲ့ ပုံစံမျိုးတွေ။ ဒါတွေ သည် နှစ်နိုင်ငံဆက်ဆံရေးမှာ အထူးသတိပြုမယ်၊ ဂရုပြုရမယ့် အချက်တွေဖြစ်ပါတယ်။ သူတို့လိုချင်တာသည် နှစ်နိုင်ငံဆက်ဆံရေး ပျက်ပြားပြီး မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ ဖျက်ဆီးရေးပေါ့။ တစ်နိုင်ငံလုံး ပျက်စီးစေရေး ရည်ရွယ်ချက်နဲ့ ဆောင်ရွက်နေတာဖြစ်ကြောင်း တွေ့ရမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ယင်းကဲ့သို့ ဆောင်ရွက်မှုများ MNDAA အဖွဲ့နှင့် အနောက် အုပ်စုအထောက်အပံ့ယူ မီဒီယာများက ပူးပေါင်းဆောင် ရွက်နေခြင်းဖြစ်ပြီး တချို့သော တရုတ်စာဖြင့် ရေးသားထားသည့် သတင်းများသည် Website များ၌ မတင်ရသေးမီ ပြည်ပရောက် မီဒီယာအချို့က ဖော်ပြနေခြင်းဖြစ်ကြောင်း သိရသည်။
“ဒီနေရာမှာ သတိထားစရာကောင်းတဲ့အချက်ကတော့ MNDAA ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုပေါ့။ ဒါတွေကို အဓိက မြန်မာနိုင်ငံထဲမှာ သတင်းဖြန့်ပေးနေတာသည် အနောက်နိုင်ငံရဲ့ အထောက်အပံ့နဲ့ ရပ်တည်နေတဲ့ သတင်းဌာနများက အဓိကဖြစ်နေကြောင်း တွေ့ရပါတယ်။ ထပ်ပြီးထူးခြားမှုရှိတာက ဒီအကြမ်းဖက် MNDAA ရဲ့ တရုတ်ဘာသာနဲ့ ရေးသားတဲ့သတင်းတွေ Website တွေမှာတောင် မတင်သေးဘူး။ အနောက်အားပေး နိုင်ငံတစ်ခုမှာရှိနေတဲ့ အနောက်နိုင်ငံတွေရဲ့ ထောက်ပံ့မှုနဲ့ ရပ်တည်နေတဲ့မီဒီယာမှာ ဦးစွာပါလာတာကိုတွေ့ရပါတယ်။ ပြီးရင် MNDAA အဖွဲ့နဲ့ ချိတ်ဆက်ပြီးတော့ သတင်းတွေကို တင်နေတာလည်းတွေ့ရတယ်။ MNDAA အဖွဲ့ သူတို့မှာလည်း သတင်းပြန်ကြားရေးအဖွဲ့ရှိမှာပေါ့။ အဲဒီသတင်းပြန်ကြားရေးအဖွဲ့နဲ့လည်း တိုက်ရိုက်ချိတ်ဆက်ပြီးတော့လည်း လုပ်ဆောင်နေတာရှိပါတယ်။ ဒါတွေသည် ကျွန်တော်တို့ နှစ်နိုင်ငံရဲ့ ဆက်ဆံရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတွေမှာ အဓိကထား ဂရုပြုရမယ့်အချက်တွေဖြစ်ကြောင်း တွေ့ရှိရပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
နိုဝင်ဘာ ၂၁ ရက် (ယနေ့)တွင် အွန်လိုင်းငွေလိမ်လည်မှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများ၌ တရားမဝင် ဝင်ရောက်နေထိုင်သူ တရုတ်နိုင်ငံသား အမျိုးသား ၁၈၁၆ ဦး၊ အမျိုးသမီး ၄၃ ဦး စုစုပေါင်း ၁၈၅၉ ဦးကို တရုတ်အစိုးရထံ လွှဲပြောင်းပေးခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ယခုရက်ပိုင်း လွှဲပြောင်းပေးမှု သုံးကြိမ်အတွင်း တရားမဝင်ရောက်နေထိုင်သူ တရုတ်နိုင်ငံသား အမျိုးသား ၂၇၃၃ ဦး အမျိုးသမီး ၁၈၅ ဦး စုစုပေါင်း ၃၉၁၈ ဦး လွှဲပြောင်းပြီးဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ထည့်သွင်းပြောကြားသည်။ ထို့အတူ တရုတ်သတင်းဌာနများကလည်း မြန်မာနိုင်ငံမှ လွှဲပြောင်းပေးနေသည့် အွန်လိုင်းလိမ်လည်သူ ၃၁၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း သတင်းဖော်ပြထားသည်။