MT News
Written by Thettant
သုံးနှစ်ကြာရပ်နားထားခဲ့သည် တောင်ကြီးမြို့၏ နာမည်ကျော် တန်ဆောင်တိုင်ရိုးရာ မီးပုံးပျံပွဲတော်ကို ယခုနှစ်တွင် ပြန် လည်ကျင်းပနိုင်ခဲ့ပြီး ယနေ့တွင် နှစ်စဥ်ကျင်းပမြဲဖြစ်သည့် တောင်ကြီးမြို့ရှိ အဝေရာမီးပုံးပျံကွင်းတွင် တန်ဆောင်တိုင်မီးပုံးပျံပွဲ ဖွင့်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။
တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံပွဲတွင် ညလွှတ်မီးပုံးပျံများအဖြစ် ညမီးကြီးမီးပုံးပျံ ၂၅ ပေ ၁၅ လုံး၊ ညမီးကြီးမီးပုံးပျံ ၂၂ ပေ ၂၃ လုံး၊ စိန်နားပန်မီးပုံးပျံ ၁၈ ပေ ၂၅ လုံး ညလွှတ်မီးပုံးပျံအလုံးရေ စုစုပေါင်း ၆၃ လုံးလွှတ်တင်သွားမည်ဖြစ်ပြီး နေ့လွှတ်အရုပ်ခြေ(၂)ချောင်း၊နေ့လွှတ်အရုပ်ခြေ(၄)ချောင်း စသည့် အရုပ်အုပ်စုများလည်း လွှတ်တင်မည်ဖြစ်ကာ အဆိုပါမီးပုံးပျံများကိုလည်း MPT ဖုန်းဖြင့် SMS ပို့ကာ မဲပေးနိုင်မည်ဖြစ်သည်။ SMS တစ်စောင်အတွက် ၁၅ ကျပ်နှုန်းသတ်မှတ်ကာ Voting ရရှိမှုအလိုက် ပထမ၊ ဒုတိယ၊ တတိယဆုများ ချီးမြှင့်ပေးမည်ဟု တောင်ကြီးတန်ဆောင်တိုင်ရိုးရာမီးပုံးပျံပွဲတော်ကျင်းပရေးလုပ်ငန်းကော်မတီက ယခုညတွင် ကြေညာထားသည်။
၂၀၂၃ ခုနှစ်တောင်ကြီးမြို့ တန်ဆောင်တိုင်ရိုးရာမီးပုံးပျံပွဲတော်ကို နိုဝင်ဘာ၂၁ ရက်မှ၂၇ ရက်နေ့အထိ ၇ ရက်တိုင်တိုင် အဝေရာမီးပုံးပျံကွင်းတွင် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်မည်ဖြစ်ပြီး လာရောက်သူများကိုလည်း အခကြေးငွေကောက်ခံမည်မဟုတ်ကြောင်းရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံပျံပညာရှင်များအသင်းက အသိပေးထားသည်။
ဓာတ်ပုံ – ရှမ်းပြည်နယ်တောင်ပိုင်း ရိုးရာမီးပုံပျံပညာရှင်များအသင်း၊ CJ