MT News
Written by Hey Mar
လသားအရွယ်ကလေးငယ်လေးကို စိတ်လွတ်ကာ YBS ကားပေါ်မှာ မိခင်ကထားခဲ့တဲ့ ဖြစ်စဥ်တစ်ခု ဒီလ ၁၈ ရက်နေ့က ဖြစ်ပွားခဲ့ပေမယ့် သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ နယ်မြေခံ လူမှုကူညီရေးအသင်းတွေကပူးပေါင်းပြီး ပြန်လည်ရှာဖွေကာ ဖခင်ထံ ဒီနေ့ နိုဝင်ဘာ ၂၁ရက်နေ့မှာ ပြန်အပ်ပေးနိုင်ခဲ့တယ်လို့ ချစ်သောမှော်ဘီမြေ ပရဟိတအသင်းကနေ သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ကိုးလုံးကွင်း ရပ်ကွက်မှာနေထိုင်သူ အသက် ၂၇ နှစ်အရွယ် ကလေးသုံးဦးမိခင်က ကလေးမီးဖွားပြီးစ မိခင်တွေမှာကြုံရလေ့ရှိတဲ့ စိတ်ကစင့်ကလျားဝေဒနာကို ပြင်းထန်တဲ့အထိ ခံစားနေရပြီး တစ်ခါတရံ အသိစိတ်လွတ်ကာ နေအိမ်မှ မကြာခဏ ကလေးတွေခေါ်ကာ ထွက်သွားတတ်ကြောင်း၊ အရင်ထွက်သွားစဥ်တုန်းကတော့ မိသားစုနဲ့ ရပ်ကွက်ထဲက ရပ်ဆွေ၊ ရပ်မျိုးတွေက အချိန်မီချော့မော့ အိမ်ပြန်ပို့နိုင်ခဲ့ပေမယ့် အခုတစ်ခါမှာတော့ ကလေးပျောက်ဆုံးကာ မိခင်နဲ့ ကျန်ကလေးတစ်ဦး ယာဥ်မတော်တဆ ဖြစ်တဲ့အခြေအနေအထိ ရောက်ခဲ့တာလို့ သိရပါတယ်။
“သူ့ကလေးတွေက အသက် ၈ နှစ်ကျော် ၉ နှစ်အရွယ် သားအကြီးရယ် ၄ နှစ်ခွဲ ၅ နှစ်အရွယ် သားအလတ်ရယ်၊ အငယ်ဆုံးလေးက မွေးထားတာ လသားလေး။ သမီးလေး ၄ လ ဝန်းကျင်လောက်ပဲရှိမယ်။ သူထွက်သွားတာကို ကားလမ်းကူးမှ မြင်ကြတော့ ကလေးတွေနဲ့ ကူးတာအန္တရာယ်လည်းများတော့ လမ်းဘေးက တွေ့သူတွေက ကလေးအကြီးဆုံးလေးကို ဆွဲထားလိုက်နိုင်တယ်။ သူက လမ်းကူးပြီးတစ်ခါတည်း YBS ပေါ်တက်သွားတာလို့ မြင်တဲ့သူတွေကပြောတာပေါ့” လို့ ချစ်သောမှော်ဘီမြေ ပရဟိတအသင်းတာဝန်ရှိသူက MT News ကို ပြောပါတယ်။
အဲဒီလို ထွက်သွားပြီး ၄ လအရွယ်သမီးလေးကို စမ်းချောင်းမြို့နယ် မြေနီကုန်းကားမှတ်တိုင်အရောက် ကားပေါ်မှာ ထားခဲ့တာကြောင့် ဒလမြို့နယ်ကနေ မြေနီကုန်းမှာ ပန်းရံအလုပ်လာရောက်လုပ်ကိုင်သူ အမျိုးသမီးက ကားပေါ်ကနေ ခေါ်ယူသွားကာ စောင့်ရှောက်ထားတာကြောင့် ကလေးဖခင်နဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက နိုဝင်ဘာ ၂၀ရက်နေ့ မှာ စုံစမ်းသိရှိသွားရောက်ခေါ်ယူနိုင်ခဲ့တယ်လို့ သိရပါတယ်။
ပရဟိတအသင်း တာဝန်ရှိသူက “ကားပေါ်မှာ ကလေးကငိုတော့ ဝိုင်းဝန်းချော့မော့ပေမယ့် ဘယ်သူမှလည်း တာဝန်ယူပြီး ကူညီတာမရှိဘူးဖြစ်နေတယ်။ အဲ့ဒါနဲ့ သူက ခေါ်သွားတာ။ ခေါ်သွားပြီး နို့မှုန့်တွေဘာတွေတိုက်ပြီး သေချာပြုစုထားသလို သူ့ရပ်ကွက်က လူကြီးတွေ အပိုင်ရဲတွေလည်း သူက အကြောင်းထားတယ်။ နောက်ပြီး ကလေးအမေက ပိုက်ဆံအိတ်လည်း ကလေးဘေးမှာ ထားခဲ့တော့ အိတ်ထဲမှာက ပိုက်ဆံအကြွေတွေရယ်၊ ကိုးလုံးကွင်းရပ်ကွက်က ရာအိမ်မှုးလက်မှတ်ပါတဲ့ ဧည့်စာရင်းစာရွက်တွေရယ် တွေ့လို့ ကလေးကို ခေါ်သွားတဲ့ အမျိုးသမီးက အဲ့ဒါတွေကို သက်ဆိုင်ရာအပ်ထားတယ်။ အပိုင် နယ်ထိန်းအချင်းချင်း ပူးပေါင်းဆောင်ရွက်ပြီး လူမှုကူညီရေးအသင်းတွေရဲ့ ကြိုးပမ်းမှုကြောင့် ကလေးကမိဘတွေဆီ ပြန်ရောက်ပါပြီ” လို့ ပြောပါတယ်။
စိတ်လွတ်နေတဲ့ ကလေးမိခင်က လေးနှစ်အရွယ် သားငယ်ကို ခေါ်ပြီး မြေနီကုန်းကနေ တွေ့ရာဘတ်စ်ကားတက်စီးကာ လျှောက်သွားနေတာကြောင့် အင်းစိန်မြို့နယ် တညင်းကုန်းလမ်းဆုံမှာ လမ်းဖြတ်ကူးရင်း ယာဥ်တိုက်မှုဖြစ်ပွားခဲ့ကာ ဆေးရုံတက်ရောက်ကုသနေရတယ်လို့လည်း သိရပါတယ်။
ယာဥ်တိုက်မှုကြောင့် ကလေးမိခင်မှာ ဦးခေါင်းထိခိုက်ဒဏ်ရာ၊ ကလေးငယ်မှာ ယာခြေကျိုး၊ ခေါင်းပေါက် သွားကျိုးတဲ့ ဒဏ်ရာတွေရရှိပြီး အင်စိန်ဆေးရုံမှာ တက်ရောက်ကုသနေရတယ်လို့ သိရပါတယ်။
“ကလေးဖခင်က မှော်ဘီစျေးနားမှာ ဆိုင်ကယ်ပြင်ဆိုင်ဖွင့်ထားတာ။ သူ့ဆိုင်က အဖီထုတ်ဖွင့်ရတဲ့ဆိုင်မို့ မလုံခြုံတော့ ဆိုင်မှာစောင့်အိပ်ရင်း ၂ ရက်တစ်ခါ၊ သုံးရက်တစ်ခါပဲ အိမ်ပြန်လာပြီး ပိုက်ဆံပေး၊ ဆန်တွေဆီတွေ ဝယ်ပေးတာမျိုး လုပ်တယ်။ အိမ်ထောင်ရေး ပြဿနာရှိတာမဟုတ်ပါဘူး။ စားဝတ်နေရေးပြဿနာတော့ရှိတာပေါ့။ အခုတော့ ဝိုင်းဝန်းကြိုးပမ်းပေးကြလို့ မိသားစုတော့ ပြန်စုစည်းနေပါပြီ”လို့ ချစ်သောမှော်ဘီမြေ ပရဟိတအသင်း တာဝန်ရှိသူက MT News ကို ပြောပါတယ်။
ပုံစာ- လသားအရွယ်ကလေးငယ်ကို ပရဟိတအဖွဲ့အစည်းနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတို့ ဒလမြို့နယ် ကျန်စစ်သားရပ်ကွက်မှ ပြန်လည်ခေါ်ယူကြစဥ်