October 19, 2024

◾ ဘဏ်များတွင် ငွေသားအလုံအလောက်ရှိပြီး ဗဟိုဘဏ်မှလည်း ဘဏ်အသီးသီးထံ ငွေသားများပံ့ပိုးပေးရန် အသင့်ဆောင်ရွက်ထား

၁၈. ၁၁. ၂၀၂၃

Written by Ye Kyaw

ကောလာဟလ သတင်းများကို ယုံကြည်ပြီး ဘဏ်များမှ ငွေသားများကို လိုအပ်သည်ထက် ပိုမိုထုတ်ယူပါက ငွေကြေးဖောင်းပွမှုကို ဖြစ်စေနိုင်ပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုအခြေအနေကိုပါ ဖြစ်ပေါ်စေနိုင်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီ (SAC)၏ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့ ထုတ်ပြန်သတိပေးသည်။

နယ်ဘဏ်ခွဲအချို့သည် မမျှော်မှန်းနိုင်သည့် အခြေအနေတစ်ရပ်ကြောင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှု ရပ်တန့်ခဲ့ရသည်ကို အခွင့်ကောင်းယူ၍ ပြည်ဖျက်မီဒီယာများ၊ အကြမ်းဖက်အုပ်စုများနှင့် အကြမ်းဖက်အုပ်စုများကို ထောက်ခံအားပေးသူများက လူမှုကွန်ရက်များတွင် အဆိုပါ သတင်းများကို ဖော်ပြပြီး ပြည်သူ့ငွေများဆုံးရှုံးကာ ပြည်သူများက ဘဏ်များမှ ငွေများထုတ်ယူ၍ မရတော့သကဲ့သို့ သွေးထိုးလှုံ့ဆော်ရေးသားမှုများကြောင့် ပြည်သူများက စိုးရိမ်ပူပန်မှုများ မြင့်တက်ကာ ဘဏ်များမှငွေများကို လိုသည်ထက်ပို၍ ထုတ်ယူနေသည်ကို ကြားသိနေရသည်ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းစနစ်သည် ဘဏ်အချင်း ချင်းချိတ်ဆက်ဝန်ဆောင်မှုပေးသည့် Core Banking System အသုံးပြုလျက်ရှိရာ ဘဏ်ခွဲတစ်ခုခု၏ ဝန်ဆောင်မှုသည် အကြောင်းတစ်စုံတစ်ခုကြောင့် ရပ်တန့်သွားပါကလည်း ပြည်သူများအနေဖြင့် ငွေများထုတ်ယူ၍ မရတော့သည့်အခြေအနေမျိုး ဖြစ်ပေါ်မည်မဟုတ်ဘဲ နိုင်ငံတစ်ဝန်းရှိ မည်သည့်ဘဏ်ခွဲတွင်မဆို ဘဏ်လုပ်ငန်းဝန်ဆောင်မှုလုပ်ဆောင်နိုင်ပြီး မိုဘိုင်းဘဏ်လုပ်ငန်း၊ အင်တာနက်ဘဏ်လုပ်ငန်း၊ ဘဏ်ကတ်များဖြင့် ပေးချေခြင်း၊ စာရင်းပြောင်းနည်းများဖြင့် ငွေပေးချေခြင်းများကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ထို့အတူ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ကြီးကြပ်မှုဖြင့် ဘဏ်များသည် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆက်လက်ဝန်ဆောင်မှုပေးလျက်ရှိကြောင်း ဖော်ပြထားသည်။

ပြည်သူများအနေဖြင့် ကောလာဟလများကို ယုံကြည်ပြီး ဘဏ်များမှ ငွေများကို လိုသည်ထက်ပိုမိုထုတ်ယူ၍ လက်ဝယ်ထားရှိခြင်းကြောင့် အန္တရာယ်ရှိနိုင်ပြီး မိမိတို့ငွေများဆုံးရှုံးနိုင်သည့် အခြေအနေမျိုးဖြစ်ပေါ်နိုင်သည်။ ထို့ပြင် ဘဏ်များ၏ ပြင်ပတွင် ငွေသားများလိုအပ်သည်ထက် ပိုမိုရောက်ရှိလည်ပတ်နေခြင်းအားဖြင့် ငွေကြေးဖောင်းပွမှုကို ပိုမိုဖြစ်ပေါ်စေနိုင်ပြီး ကုန်ဈေးနှုန်းကြီးမြင့်ခြင်းကိုလည်း ဖြစ်ပေါ်လာစေနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ပြည်သူများအနေဖြင့် ဘဏ်များမှငွေများကို လိုသည်ထက်ပိုမိုထုတ်ယူခြင်းသည် မည်သည့်ရည်ရွယ်ချက်ဖြင့် ထုတ်ယူသည်၊ မည်သည့်နေရာတွင် သုံးစွဲသည်စသည့် သံသယဖြစ်ဖွယ် အခြေအနေများအတွက် တာဝန်ရှိသူများ၏ စောင့်ကြည့်ခြင်းကိုလည်း ခံရနိုင်ဖွယ်ရှိကြောင်း၊ လက်ရှိအခြေအနေတွင် ဘဏ်များတွင် ငွေသားများအလုံအလောက်ရှိပြီး ဗဟိုဘဏ်ကလည်း ဘဏ်အသီးသီးထံသို့ ငွေသားများပံ့ပိုးပေးရန် အသင့်ဆောင်ရွက်ထားရှိသည့်အတွက် ပြည်သူများအနေဖြင့် ငွေများကို လိုသည်ထက်ပိုမိုထုတ်ယူခြင်းမပြုဘဲ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ယုံကြည်စိတ်ချရစွာဖြင့် ပုံမှန်အခြေအနေအတိုင်း ရယူသုံးစွဲကြပါရန် အသိပေး သတင်းထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *