၂၀.၁၁.၂၀၂၃
Written by Peya
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်တွင် ကားလေးစီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့ရာမှ အမျိုးသား ၃ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း မေတ္တာသီတာ ရေစင် ပရဟိတ အသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သတင်းဌာနသို့ ပြောသည်။
အဆိုပါ ဖြစ်စဉ်မှာ ယနေ့ နိုဝင်ဘာ ၂၀ ရက် နေ့လယ်ပိုင်း ၂ နာရီအချိန်ခန့်က မရမ်းကုန်းမြို့နယ်၊ ဂန္ဓမာလမ်း၊ ဥက္ကလာဂေါက်ကွင်းရှေ့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
“၂ နာရီ ၅ မိနစ်မှာ ကားလေးစီး ဆင့်တိုက်တယ် ပြောလို့ ကျွန်တော်တို့ ရောက်သွားတယ်။ ဒဏ်ရာရလူနာ ၃ ဦးလောက် ရှိတယ်။ ဆေးရုံသွားရမယ့် လူနာ ၂ ဦးလောက်ကို ကျွန်တော်တို့ ခေါ်သွားတယ်။ ဖြစ်စဉ်ကတော့ ကျွန်တော်တို့ဆီက ဗော်လန်တီယာတွေပဲ လွှတ်လိုက်တော့ အသေအချာတော့ မသိဘူး။ သိရသလောက်က အိမ်စီးကားက တစ်ဖက်ယာဉ်ကြောကို ဝင်လာတာမှာ လိုက်ထရပ်က လမ်းမှန်အတိုင်း လာတာကို မျက်နှာ ချင်းဆိုင် တိုက်မိသွားတာပါ။ ကြီးကြီးမားမားက အဲ့ဒီ နှစ်စီး ဖြစ်သွားတာ” အထက်ပါ တာဝန်ရှိသူက ဆိုသည်။
ကျန်ကားနှစ်စီးမှာမူ လိုက်ထရပ်နောက်မှ ပါလာသည့် ကားများဖြစ်ပြီး အဆိုပါ ကားများမှာ ထိခိုက်မှု အနည်း ငယ်သာရှိကာ လူနာ ၂ ဦးမှာလည်း မျက်နှာချင်းဆိုင် တိုက်မိသည့် ကားနှစ်စီးမှသာ ဖြစ်ကြောင်းလည်း ၎င်းက ရှင်းပြသည်။