October 22, 2024

◾ စီးပွားရေးအရ စက်သုံးဆီနှင့် ဘဏ်လုပ်ငန်းများအပြင် ပညာရေးကဏ္ဍကိုပါ ကောလာဟလဖြင့် တိုက်ခိုက်ခြင်းသာဖြစ်

၂၀. ၁၁. ၂၀၂၃

Written by Nyein Kyaw

တချို့သောမြို့နယ်များရှိ အခြေခံပညာသင်ကျောင်းများ ပိတ်ရမည်ဆိုသည့် သတင်းမှာ မမှန်ကန်ကြောင်းနှင့် မည်သည့်ကျောင်းများကိုမှ ပိတ်ခိုင်းထားခြင်းမရှိဘဲ ပုံမှန်အတိုင်း ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း SAC ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ပြောကြားသည်။

“ဒီနေ့မှာတော့ အခြေခံပညာကျောင်းတွေနဲ့ ပတ်သက်ပြီး ကောလာဟလများ ထုတ်လွှင့်နေတာကို တွေ့ရပါတယ်။ တချို့သော မြို့နယ်တွေမှာ အခြေခံပညာကျောင်းတွေနဲ့ ပတ်သက်ပြီး ကျောင်းပိတ်ရမဲ့ အခြေအနေရှိတယ်။ ကျောင်းပိတ်မယ်ဆိုတာမျိုး ကောလာဟလ ထုတ်လွှင့်နေတာဖြစ်ပါတယ်။ ဒီဟာနဲ့ပတ်သက်ပြီး မည်သည့်ကျောင်းကိုမှ ကျွန်တော်တို့ ပိတ်တာမရှိပါဘူး။ ပုံမှန်အတိုင်း ဆက် လက်ဖွင့်လှစ်သွားမယ်ဆိုတာကို ပြောကြားလိုပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ယခုကဲ့သို့ သတင်းအမှားများ ထုတ်လွှင့်နေသူများမှာ ပြည်တွင်း၊ ပြည်ပ အဖျက်သမားများနှင့် ပြည်ဖျက်မီဒီယာများ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ သတင်းဖြန့်မှုပုံစံမှာလည်း ကောလာဟလများ အရင်ထွက်ပေါ် လာခြင်းမဟုတ်ဘဲ ကျောင်းအတွင်း တီးတိုးသတင်းလွှင့်ပြီးမှ ကောလာဟလအသွင်ဖြင့် ဖြန့်‌ဝေခြင်းဖြစ်ကြောင်း သိရသည်။

“ဒီနေ့မှာပြောချင်တာကတော့ နိုင်ငံ‌တော်ရဲ့ ဖြစ်ပေါ်နေတဲ့အခြေအနေတွေအရ ကောလာဟလ သတင်းများကို အချိန်ကိုက် ထုတ်လွှင့်နေတာရှိပါတယ်။ ပြည်တွင်းပြည်ပ အဖျက်သမားများနှင့် ပြည်ဖျက်မီဒီယာများနဲ့ ပူးပေါင်းပြီး ထုတ်လွှင့်နေတာဖြစ်ပါတယ်။ ထင်ယောင် ထင်မှားဖြစ်အောင် ဆောင်ရွက်နေတာဖြစ်ပါတယ်။ စီးပွားရေးအရ စက်သုံးဆီကိုတိုက်ခိုက်ခဲ့တာရှိတယ်။ ဘဏ်လုပ်ငန်းတွေတိုက်ခိုက်ခဲ့တာရှိတယ်။ အခုပညာရေးကဏ္ဍကို တိုက်ခိုက်တဲ့နေရာမှာတော့ ကောလာဟလဆိုတာထက် တီးတိုးဝါဒဖြန့်မှုပုံစံမျိုး ပြီးမှ ကောလာဟလ လိုက်တဲ့ပုံစံမျိုးနဲ့ ကျောင်းတွေပိတ်မယ်ဆိုတာမျိုးတွေ ဆောင်ရွက်နေတာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

ထို့အပြင် တက္ကသိုလ်များနှင့် ကောလိပ်များကိုလည်း နိုဝင်ဘာ ၂၃ ရက်တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပြီး ယခုနှစ်တွင် ကျောင်းအပ်လက်ခံရမှုသည် ယခင်နှစ်များထက် ပိုမိုကျောင်းအပ်မှုရှိကြောင်း၊ နိုဝင်ဘာ ၁၃ ရက်မှစတင်ပြီး လွိုင်ကော်နှင့် ကသာ တက္ကသိုလ်တို့မှအပ ကျန်ရှိသည့် တက္ကသိုလ်နှင့်ကောလိပ်များတွင် အဝေးသင်စာမေးပွဲများ ဖြေဆိုခဲ့ကြောင်း သိရသည်။ လွိုင်ကော်နှင့် ကသာ တက္ကသိုလ် နှစ်ခုတွင် အဝေးသင်စာမေးပွဲဖြေဆိုမှုများကိုလည်း ဆိုင်ငံ့ထားပြီးနောက် ပြန်လည်ဖြေဆိုနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ နယ်စပ်ဒေသတွင် တရားမဝင် ဝင်ရောက်နေထိုင်သူ တရုတ်နိုင်ငံသား ၁၀၀၀ ကျော်ကို တရုတ်နိုင်ငံသို့ ယနေ့ ထပ်မံလွှဲပြောင်းပေးခဲ့ပြီး လွှဲပြောင်းမှု နှစ်ကြိမ်တွင် လူဦးရေ ၂၀၀၀ ကျော်ရှိသည်ဟုလည်း ​ပြောသည်။

“နယ်စပ်ဒေသတွေမှာ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသားတွေကို ထပ်မံလွှဲပြောင်းမှု ပြုလုပ်ခဲ့ပါတယ်။ ဒီနေ့မှာတော့ တရုတ်နိုင်ငံသား ကျား ၉၈၂ ဦး၊ မ ၆၀ ဦး စုစုပေါင်း ၁၀၄၂ ဦးကို ကျွန်တော်တို့ တရုတ်ပြည်သူ့သမ္မနိုင်ငံကို အောင်မြင်စွာလွှဲပြောင်းပေးနိုင်ခဲ့ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

အထက်ပါအချက်များအပြင် နမ့်ခမ်းနှင့် သိန္နီမြို့များအတွင်း လုံခြုံရေးပြန်လည်ရရှိရေးအတွက် ဆောင်ရွက်နေကြောင်းလည်း ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *