October 18, 2024

၂၁. ၁၁. ၂၀၂၃
Translated by Htwe Ko Tun

အာဂျင်တီးနားလက်ရွေးစင်ဘောလုံးအသင်း၏ နာမည်ကြီးဘောလုံးကစားသမား လီယွန်နယ်လ်မက်ဆီ ၂၀၂၂ ခုနှစ်၊ ကာတာ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင် ၎င်း၏ အာဂျင်တီးနား လက်ရွေးစင်အသင်း အောင်ပွဲခံခဲ့စဉ်က ၎င်းဝတ်ဆင်ခဲ့သော ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ဂျာစီခြောက်ထည်ပါဝင်သော တစ်စုံကို ဒီဇင်ဘာလတွင်လေလံတင်ရောင်းချသွားမည်ဟု နယူးယော့ခ်မြို့အခြေစိုက် အနုပညာလက်ရာများနှင့် ရှေးဟောင်းရှားပါးပစ္စည်းများ လေလံတင်ရောင်းချရေးကုမ္ပဏီဖြစ်သည့် Sotheby’s က နိုဝင်ဘာ ၂၀ ရက်ကပြောခဲ့သည်။

Sotheby’s က ထိုဂျာစီအစုံကို အမေရိကန်ဒေါ်လာ ၁၀ သန်းထိ လေလံဈေးနှုန်း ရနိုင်မည်ဟု ခန့်မှန်းထားကြောင်းလည်းသိရသည်။

အဆိုပါ တီရှပ်များကို မက်ဆီက ကမ္ဘာ့ဖလားပွဲတွင် အုပ်စုအဆင့်များ၌ ဆော်ဒီအာရေဗျနှင့် မက္ကဆီကို တို့နှင့်ကစားစဉ် ပထမပိုင်းများ၌လည်းကောင်း၊ ထို့နောက် ဩစတြေးလျ၊ နယ်သာလန်၊ ခရိုအေးရှားအသင်းများနှင့် ကစားရာတွင်လည်းကောင်း၊ ဗိုလ်လုပွဲတွင် ပြင်သစ်အသင်းနှင့် ကစားရာတွင်လည်းကောင်း ဝတ်ဆင်ခဲ့သည်။

အကယ်၍သာ ထိုဂျာစီများက ဒေါ်လာ ၁၀ သန်းအထက်အထိ ဈေးရခဲ့မည်ဆိုလျှင် လေလံတင်ရောင်းချခဲ့သော အားကစားအမှတ်တရပစ္စည်းများအနက် ဈေးအကောင်းဆုံးရောင်းချရမှုလည်းဖြစ်မည်ဟု Sotheby’s က ပြောခဲ့သည်။

ယခုအထိ အားကစားသမားတစ်ဦးချင်းစီ၏ ဂျာစီများအနက် လေလံပွဲတွင် ဈေးအကောင်းဆုံးအဖြစ် ဘတ်စကတ်ဘောအားကစားသမား မိုက်ကယ်ဂျော်ဒန်၏ NBA လိဂ်ပြိုင်ပွဲ ဖိုင်နယ်အဆင့်တွင် Chicago Bulls အသင်းနှင့် ၁၉၉၈ ခုနှစ်ကစားစဉ်ကဝတ်ဆင်ခဲ့သော ဂျာစီရောင်းချမှုက ရရှိထားသည်။ ထိုဂျာစီကို ၂၀၂၂ ခုနှစ်က လေလံတင်ရောင်းချစဉ် ဒေါ်လာ ၁၀ ဒသမ ၁ သန်းအထိ ရရှိခဲ့သည်။

လေလံကုမ္ပဏီများက အားကစားအမှတ်တရပစ္စည်းများကို တိုးတက်လာသောဈေးကွက်တစ်ခုအနေဖြင့် သတ်မှတ်လာကြကာ လွန်ခဲ့သောနှစ်များအတွင်း ၎င်းတို့အားလေလံတင်ရောင်းချရမှုများလည်း ပို၍ များပြားလာခဲ့သည်။ လေလံတင်မည့် မက်ဆီ၏ ဂျာစီများကိုလေလံတင်ရောင်းချမည့်အချိန်တွင် အများပြည်သူ အခမဲ့ကြည့်ရှုနိုင်ရန် နိုဝင်ဘာလ ၃၀ ရက်မှ ဒီဇင်ဘာလ ၁၄ ရက်အထိ ပြသသွားမည်ဟု သိရသည်။

Ref—– Daily Observer

Leave a Reply

Your email address will not be published. Required fields are marked *