October 18, 2024

၂၁. ၁၁. ၂၀၂၃
Written by Ye Kyaw

ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်‌ရေးဝန်ကြီးဌာန၊ အထူးအရာရှိက ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၀ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၃/၂၀၂၃)ဖြင့် မြန်မာစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့မှ ထုတ်ပြန်ကြောညာခဲ့သည်။

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့သည် ၂၀၁၄ ခုနှစ်၊ မြန်မာအထူးစီးပွားရေးဇုန် ဥပဒေအခန်း (၅)၊ ပုဒ်မ (၉)၊ ပုဒ်မခွဲ (ဃ) အရ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲရေးဇုန် စီမံခန့်ခွဲမှုကော်မတီကို အောက်ပါအတိုင်း ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း မြန်မာစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC) ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက လက်မှတ်ရေးထိုး၍ အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားခြင်းဖြစ်သည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌအဖြစ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်‌ရေးဝန်ကြီးဌာန အထူးအရာရှိ ဦးကျော်ရွှေထွန်း၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဦးဝင်းမြင့် ဒုတိယညွှန်ကြားရေးမှူးချုပ်(ငြိမ်း) မြို့ပြနှင့်အိမ်ရာဖွဲ့ဖြိုးရေးဦးစီးဌာန)တို့ဖြင့် ဖွဲ့စည်းခဲ့သည်။

အဖွဲ့ဝင်များအဖြစ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဦးစံရွှေမောင်၊ စီမံကိန်းရေးဆွဲရေးဌာန (ရခိုင်ပြည်နယ်) ပြည်နယ်ဦးစီးမှူး၊ ကျောက်ဖြူခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် (ရခိုင်ပြည်နယ်) ပြည်နယ်တာဝန်ခံ၊ မြို့ပြနှင့်အိမ်ရာဖွဲ့ဖြိုးရေးဦးစီးဌာန (ရခိုင်ပြည်နယ်) ညွှန်ကြားရေးမှူး၊ ကော်မတီအတွင်းရေးအမှူးအဖြစ် ဒေါက်ကျော်ဆန်းဦး၊ တွဲဖက်အတွင်းရေးမှူးအဖြစ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းတာဝန်များမှာ မြန်မာအထူးစီးပွားရေးဇုန်ဥပဒေတွင် ပြဋ္ဌာန်းထားသည့် စီမံခန့်ခွဲမှုကော်မတီ၏ လုပ်ငန်းတာဝန်များအတိုင်းဖြစ်ကြောင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့မှ ထုတ်ပြန်ထားသည်။

ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် မြန်မာ- တရုတ်နှစ်နိုင်ငံအကြား ပြန်လည်ညှိနှိင်းဆွေးနွေးမည့် အချက်များကို ခွင့်ပြုထားပြီးဖြစ်၍ ဆွေးနွေးမှုများ ပြုလုပ်ပြီးပါက စီမံကိန်းအား အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း SAC ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အောက်တိုဘာ ၁၂ ရက်တွင် ပြုလုပ်သည့် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ အစည်းအဝေး (၁/၂၀၂၃) တွင် ပြောကြားခဲ့သည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် အကောင်အထည်ဖော်မည့် ရေနက်ဆိပ်ကမ်းစီမံကိန်း၌ ပူးပေါင်းဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံဘက်မှ အစိုးရ အသိအမှတ်ပြု မြန်မာနိုင်ငံသား ပိုင်ကုမ္ပဏီများပါဝင်သည့် (Myanmar Government Designated Entity Consortium) ကို ဒေါ်လာငါးသန်း ထည့်ဝင်နိုင်မည့် မြန်မာကုမ္ပဏီများဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ (စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန) မှ နိုဝင်ဘာ ၄ ရက်တွင် ကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *