October 18, 2024

၂၁. ၁၁. ၂၀၂၃
Translated by Htwe Ko Tun

တောင်အာဖရိကနိုင်ငံသမ္မတရုံး၏ နိုဝင်ဘာ ၂၀ ရက် ကြေညာချက်တစ်ခုအရ BRICS အဖွဲ့ဝင်နိုင်ငံများမှခေါင်းဆောင်များက လက်ရှိဖြစ်ပျက်နေသော ဂါဇာကမ်းမြောင်ဒေသ၏ လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းအပါအဝင် အရှေ့အလယ်ပိုင်းအခြေအနေများကိုဆွေးနွေးရန် အွန်လိုင်း ဗီဒီယို ညီလာခံ ဆွေးနွေးပွဲတစ်ရပ်ကို ယနေ့ နိုဝင်ဘာ ၂၁ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ အွန်လိုင်း BRICS ထိပ်သီးဆွေးနွေးပွဲသို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်လည်းတက်ရောက်မည်ဖြစ်ကာ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခနှင့်ပတ်သက်၍ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ရုရှားအစိုးရအဖွဲ့ကလည်း နိုဝင်ဘာ ၂၀ ရက်တွင် ကြေညာခဲ့သည်။

အွန်လိုင်းထိပ်သီးဆွေးနွေးပွဲသို့ BRICS အဖွဲ့၏ မူလငါးနိုင်ငံဖြစ်သော ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖရိကနိုင်ငံတို့မှခေါင်းဆောင်များအပြင် အဖွဲဝင်သစ်များဖြစ်သော ဆော်ဒီအာရေဗျ၊ အာဂျင်တီးနား၊ အီဂျစ်၊ အီသီယိုးပီးယား၊ အီရန်နှင့် အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံတို့မှခေါင်းဆောင်များကိုလည်း ဖိတ်ကြားထားကြောင်း သိရသည်။

BRICS နိုင်ငံများနှင့် ဆွေးနွေးပွဲသို့တက်ရောက်လာမည့် နိုင်ငံများ၏ ခေါင်းဆောင်များက ဂါဇာကမ်းမြောင်ဒေသ၏ လက်ရှိဖြစ်ပွားနေသော လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်း အခြေအနေအပေါ် ၎င်းတို့နိုင်ငံများကိုယ်စား ကြေညာချက်များထုတ်ပြန်ကြလိမ့်မည်ဖြစ်သည်။ ကုလသမဂ္ဂအတွင်း ရေးမှူးချုပ် အန်တိုနီယို ဂူတာရီးစ်လည်း ထိပ်သီးဆွေးနွေးပွဲသို့တက်ရောက်မည်ဟု သိရပြီး တက်ရောက်သည့်ခေါင်းဆောင်များအားလုံး ပူးတွဲကြေညာချက်တစ်ရပ်ထုတ်ပြန်ကြမည်ဖြစ်သည်။

Ref- -tass.com

Leave a Reply

Your email address will not be published. Required fields are marked *