October 19, 2024

◾ကုန်သွယ်ရေးအတွက် အဓိကလမ်းမကြီးဖြစ်၍ လုံခြုံမှုရှိစေရေး အမြန်ဆုံးဆောင်ရွက်နေ

၁၈. ၁၁. ၂၀၂၃

Written by Nyein Kyaw

မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ် TNLA နှင့် PDF အဖွဲ့များ ယနေ့ ဖျက်ဆီးခဲ့သည့် မြေဖြတ်ကျင်းတူးခြင်းနှင့် တံတားငယ်များ ပျက်စီးခဲ့သည့် ၁၂ နေရာလုံးကို နေ့ချင်းပင် ပြင်ဆင်ဆောင်ရွက်ပြီးဖြစ်ကြောင်း နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ဒီနေ့မှာ TNLA နဲ့ PDF ပူးပေါင်း အကြမ်းဖက်အဖွဲ့တွေနေနဲ့ နောင်ချိုမြို့မရောက်ခင်မှာ ၃ နေရာ လမ်းမကြီးပေါ်မှာ တံတားငယ်တွေကို ဖျက်ဆီးသွားတာ၊ မြေဖြတ်ကျင်းတွေတူးပြီး လမ်းကိုဖျက်ဆီးသွားတာရှိတယ်။ ပြီးရင် နောင်ချိုနဲ့ ကျောက်မဲကြားမှာ ၉ နေရာ။ အဲဒီလိုပဲ တံတားငယ်တွေကိုချိုးသွားတာ။ မြေဖြတ်ကျင်းတွေတူးပြီးတော့ လမ်းကိုဖျက်ဆီးသွားတာရှိတယ်။ ဒီ ၁၂ နေရာလုံးကို ဒီနေ့မှာ အားလုံးပြင်ဆင်ပြီးဖြစ်ပါတယ်။ နောက်ထပ် တိုးချဲ့ပြီး ပြင်ဆင်သွားမှာဖြစ်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီး အဓိကကုန်သွယ်ရေးကြောင်းဖြစ်သည့်အတွက် ကုန်စည်ကူးသန်း ရောင်းဝယ်မှုများ လုံခြုံမှုရှိစေရေး အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီလမ်းမကြီးနဲ့ ပတ်သက်လာပြီးရင် ပြည်သူလူထုနဲ့ နိုင်ငံတော်အတွက် အရေးကြီးတဲ့ လမ်းမကြီးဖြစ်တဲ့အတွက် ပြည်သူလူထုရဲ့ အဓိက ကုန်စည်ကူးသန်းရောင်း ဝယ်တဲ့ လမ်းမကြီးဖြစ်တဲ့အတွက် အမြန်ဆုံးလုံခြုံမှုရှိစေရေး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်ဆိုတာ ပြောကြားလိုပါတယ်” ဟု ၎င်းက ပြောကြားသည်။

ယနေ့တွင် ရှမ်းပြည်နယ်၊ အရှေ့မြောက်ပိုင်းဒေသ နမ့်ခမ်းမြို့တွင် စခန်းငယ်တစ်ခု တိုက်ခိုက်ခံရသော်လည်း အဆိုပါစခန်းအား ပြန်လည်သိမ်းပိုက်ခဲ့ကြောင်းနှင့် နမ့်ဖတ်ကာမြို့ရှိ ရပ်ကွက်အတွင်းသို့ MNDAA၊ TNLA အကြမ်းဖက်အဖွဲ့က စိန်ပြောင်းဗုံးသီးများဖြင့် ပစ်ခတ်ခဲ့၍ ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် လွိုင်ကော်မြို့တွင် ထိတွေ့တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိပြီး ရခိုင်ပြည်နယ်ဘက်တွင် ထရွန်အိုင်စခန်းနှင့် ဘူးသီးတောင်မြို့နယ်၊ ကထိလှဘက်ရှိ ရဲကင်းစခန်းကို လာရောက်ပစ်ခဲ့၍ ထိတွေ့တိုက်ပွဲများ ဖြစ်ခဲ့ကြောင်း၊ ကရင်ပြည်နယ်၊ ချောင်းနှစ်ခွတွင် တပ်မတော်နှင့်ရဲ လုံခြုံရေးယူထားသည့် စခန်းအား ၃ ရက်တိတိ တိုက်ခိုက်နေကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *