၁၈. ၁၁. ၂၀၂၃
Written by Nyein Kyaw
ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ကြီးမှူးကျင်းပသည့် ၂၀၂၂ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုပြိုင်ပွဲတွင် ဆုရရှိသော စာမူများနှင့် စာရေးဆရာများကို ယနေ့ ထုတ်ပြန်သည်။
ထုတ်ပြန်မှုအရ ဝတ္ထုရှည် ပထမဆုကို တက္ကသိုလ်မြမဥ္ဇူ၏ တောင်ဇလပ်ပန်းတို့လန်းပါစေ၊ ဒုတိယဆုကို ရဲမင်းစိုး၏ အဖေ့အရိပ်များ၊ တတိယဆုကို ဝတ်ရည်ခင်(ပဲခူး)၏ ဝတ်မှုန်ကူးချိန် က ရရှိပြီး ဝတ္ထုတိုပေါင်းချုပ်ပထမဆုကို တင်တော်၏ “တုမဲ့နှုန်း၍ရွှေဘုန်းမော်နိုင်ပါစေ” နှင့် ဝတ္ထုတိုများ စုစည်းမှု၊ ဒုတိယဆုကို နိုင်မျိုးသစ္စာ(နမ္မတူ)၏ ကမ္ဘာလုံးတိုင်မုန်းနေမည် ဝတ္ထုတိုများ၊ တတိယဆုကို မင်းလပြည့်(ဟားခါး)၏ နွံထဲကပန်းရွှေကြာနှင့် အခြားတ္ထုတိုများ က ရရှိခဲ့သည်။
ကဗျာပေါင်းချုပ်ဆုတွင် ပထမဆုကို ဘုန်းမြင့်ချို (သာယာဝတီ)၏ ပိုးကိုက်ရာကင်း ပန်းတစ်ခင်းကဗျာများ၊ ဒုတိယဆုကို လုလင်(မှော်ဝန်းမြေ)၏ ဘဝပုံရိပ်ကဗျာများနှင့် အခြားကဗျာများ၊ တတိယဆုကို မြတ်ဘုန်း(တပ်ကုန်း)၏ နှလုံးလှအမေရဲ့ဇာတ်စင်နှင့်အခြားကဗျာများက ရရှိခဲ့သည်။
အလားတူ သုတပဒေသာ (ဝိဇ္ဇာ)ဆုတွင် ပထမဆုကို ယဉ်ယဉ်မွန်(ရှေးဟောာင်းသုတေသန)၏ မြို့တည်နန်းတည်ကေတုမတီ (တောင်ငူ)၊ စာပဒေသာဆုတွင် ပထမဆုကို နေဇင်(ပေါက်ခေါင်း) ၏ မြောက်ပိုင်းဒေသ ဘဝမှတ်တမ်း၊ မြန်မာယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ စာပေဆုတွင် ပထမဆုကို စောပုလဲမယ်၏ ရွှေတိဂုံစေတီတော် ခေါင်းလောင်းတော်များ၊ ကလေးစာပေဆုတွင် ပထမဆုကို သက်ဦးခင်၏ မြန်မာ့ရတနာ ကလေးကဗျာများ၊ လူငယ်စာပေဆုတွင် ပထမဆုကို ဆောင်းချစ်၏ ချယ်ရီလက်ဆောင် ပန်းလက်ဆောင်၊ ပြဇာတ်စာပေဆုတွင် ပထမဆုကို သျှင်မိုးခင်(ယဉ်ကျေးမှုတက္ကသိုလ်)၏ ခိုင်ရွှေညှာနွဲ့ မာလာမှုန်၊ အင်္ဂလိပ်စာပေဆုတွင် ပထမဆုကို Khin Maung Myint ၏ Memoirs of an Old Sailor စာမူက ရရှိခဲ့သည်။
ထို့အပြင် ၂၀၂၂ ခုနှစ်အတွက် အမျိုးသားစာပေ တစ်သက်တာဆုများနှင့် အမျိုးသားစာပေဆု ရရှိသူများကို ယနေ့ ကြေညာခဲ့ပြီး အမျိုးသားစာပေတစ်သက်သာဆုကို စာပေပညာရှင်ဆရာကြီးများဖြစ်သည့် ဒေါက်တာသန်းဦး (ပြည်စိုးမင်း)၊ ဒေါ်ခင်သန်းဝင်း(ကြူကြူသင်း)၊ ဦးချစ်စံ(ချစ်စံဝင်း)နှင့် ဒေါက်တာထွန်းတင့် (ဒေါက်တာထွန်းတင့်-မြန်မာစာ)တို့ ရရှိခဲ့သည်။