၁၉. ၁၁. ၂၀၂၃
Written by KL
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ ပုလဲလမ်း၊ လှိုင်မြစ်ဆိပ်ကမ်းတွင် ယနေ့ (နိုဝင် ဘာ ၁၉)ရက် မွန်းလွဲပိုင်းက ကမ်းကပ်ထားသော သုံးထပ်ကုန်တင်သင်္ဘောမီးလောင်မှုကြောင့် အမျိုးသား ၂ ဦးသေဆုံးခဲ့ပြီး အမျိုးသား ၃ ဦးမှာလည်း မီးလောင်ဒဏ်ရာများ ရရှိခဲ့သည်။
အဆိုပါ မီးလောင်မှုမှာ အလျား၂၅ ပေ၊ အနံ ၁၁၇ ပေ ရှိသော မိုးမြင့်ကြယ်- ၁၅ သုံးထပ်ကုန်တင်သင်္ဘောပေါ်ရှိ ပထမထပ်တွင် ဝရိန်ဆော်ရာမှ မီးပွားများပွင့်ထွက်၍ အောက်ရှိဆီငွေ့ထွက်နေသော ဒီဇယ်ဆီကန်နှင့် အနီးရှိတင်ဒါပေပါများ စာအုပ်များပေါ်သို့ မီးပွားများကျကာ ကူးစက်လောင်ကျွမ်းခဲ့ကြောင်းမီးလောင်မှုကို စစ်ဆေးခဲ့သူများ၏ အတည်ပြုချက်အရ သိရသည်။
မီးလောင်မှုကြောင့် အသက်(၂၅)နှစ်အရွယ် ကိုဇော်မင်းအောင်နှင့် အသက် (၄၅)နှစ်အရွယ် ဦးရဲခိုင်တို့သေဆုံးခဲ့ပြီး အသက်၂၃နှစ်မှ အသက်(၄၉)နှစ်အရွယ်ကြား အမျိုးသားသုံးဦးမှာ မီးလောင်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။
ထို့အပြင် သင်္ဘောပေါ်တွင် တင်ဆောင်ထားသော ဘိလပ်မြေအိတ် ၅၀ နှင့် သင်္ဘောကိုယ်ထည်တို့လည်း မီးလောင်ဆုံးရှုံးခဲ့သည်။
သုံးထပ်သင်္ဘော မီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၄ စီး၊ ရေသယ်ယာဥ် ၆ စီးနှင့်အတူ မီးသတ်တပ်ဖွဲ့ဝင် ၅၅ ဦးဖြင့် ငြှိမ်းသတ်ခဲ့ရာ မိနစ်၂၀ ကျော်ကြာ ငြှိမ်းသတ်ခဲ့ရသည်။
အဆိုပါ မီးလောင်မှုနှင့်ပတ်သက်၍ အရေးယူရမည့်သူကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။