ဝါဒဖြန့်မှုများကို ယုံကြည်လျှင် မိမိငွေကို ရာခိုင်နှုန်းတစ်ရပ်ပေး လဲလှယ်ရမည့်အခြေအနေကို ပြန်ဖိတ်ခေါ်သကဲ့သို့ ဖြစ်မည်ဟု ဆို
၁၉. ၁၁. ၂၀၂၃
ဘဏ်များမှ ငွေသားထုတ်ယူရာတွင် ကျပ်သန်း ၁၀၀ အထက် ထုတ်ယူသည့် ပမာဏအားလုံးကို ဗဟိုဘဏ်အပြင် အထူးစုံစမ်းစစ်ဆေးရေးဌာန (စစစ)နှင့် ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ (FIU)များက အနီးကပ်စောင့်ကြည့်လျက်ရှိပြီး မသမာမှုများပါဝင်ပတ်သက်နေပါက အရေးယူသွားဖြစ်ကြောင်း ယနေ့ မီဒီယာများ၏ မေးမြန်းထားမှုကို ဗဟိုဘဏ်က ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
“ဘဏ်တွေမှ ငွေကြေးခဝါချမှုဗဟိုအဖွဲ့က သတ်မှတ်ထားသည့် ငွေကြေး ကျပ်သန်း ၁၀၀ ထက်ကျော်လွန်၍ ထုတ်ယူသည့်ပမာဏအားလုံးကို ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ (FIU) ထံပေးပို့ရကြောင်း၊ ယခု ငွေထုတ်များနေသည့် လူများအားလုံးကို ဗဟိုဘဏ်၊ စစစ၊ FIU တို့က အနီးကပ်ကြီးကြပ်စောင့်ကြည့်နေတာဖြစ်၍ ဈေးကစားမှုများ ပါဝင်ပတ်သက်နေပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း” ဟု ဗဟိုဘဏ်က ပြန်လည်ဖြေကြားထားသည်။
ဘဏ်များတွင် ပြည်သူများ ငွေထုတ်ယူရန် လှုံ့ဆော်ရေးသား၊ ဝါဒဖြန့်နေသူများကိုလည်း ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ ဖော်ထုတ်အရေးယူပြီး ထိရောက်ဟန့်တားသော ပြစ်ဒဏ်များ ချမှတ်နိုင်ရန် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် ပြည်သူများအနေဖြင့် မိမိအပ်နှံထားသည့် အပ်နှံငွေအမျိုးအစားအပေါ် မူတည်ပြီး ဘဏ်မှငွေထုတ်ယူရာမှာ ကွဲပြားမှုများရှိနိုင်ကြောင်း၊ Special Account ဆိုပါက မိမိငွေသားထည့်သွင်းခဲ့သည့် ပမာဏအတိုင်း ငွေသားထုတ်ယူနိုင်ကြောင်း၊ ငွေစုဘဏ်စာရင်း (Saving Account) ဆိုပါက တစ်ပတ်တစ်ကြိမ် ငွေထုတ်ယူမှု ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ စာရင်းသေအပ်ငွေ (Fixed Deposit) ဖြစ်ပါက သက်တမ်းပြည့်မည့် အချိန်မှသာ ငွေထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
Saving Account အပါအဝင် အပ်ငွေစာရင်းအဟောင်းများနှင့် ပတ်သက်၍ ဘဏ်များမှ ငွေထုတ်ယူရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် ထုတ်ပြန်ခဲ့သည့် ငွေသားစီမံခန့်ခွဲမှုအဆင်ပြေရေး အစီအစဉ်သတ်မှတ်ချက်ပါအတိုင်း ငွေသားထုတ်ယူမှုအပြင် ပြည်သူများအနေဖြင့် ဒစ်ဂျစ်တယ်နည်းများဖြစ်သော မိုဘိုင်းဘဏ်လုပ်ငန်း၊ အင်တာနက်ဘဏ်လုပ်ငန်း၊ Account Transfer များဖြင့် ဘဏ်ဝန်ဆောင်မှုများအားလုံး အကန့်အသတ်မရှိဆောင်ရွက်နိုင်ကြောင်း ပြန်လည်ဖြေကြားထားသည်။
အပ်နှံငွေ၏ အနေအထားအရ New Account (Special Account) ဆိုပါက ငွေသားထည့်သွင်းခဲ့သည့် ပမာဏအတိုင်း ငွေသားထည့်သွင်းခဲ့သည့် ဘဏ်များတွင် ပြန်လည်ထုတ်ယူနိုင်သော်လည်း ငွေထုတ်ယူသူများပါက ဘဏ်အနေဖြင့် ၎င်းတို့၏ ငွေသိုလှောင်ခန်း အကျယ်အဝန်းအပေါ် မူတည်၍ ငွေသားများထားရှိရသည့်အတွက် ထုတ်ပေးရန် ငွေပမာဏများကို စီစဉ်ရန်လိုအပ်ခြင်းကြောင့် မိမိငွေထုတ်ယူလိုသည့်ပမာဏကို ဘဏ်သို့ကြိုတင် အသိပေးအကြောင်းကြားထားပါက ပိုမိုအဆင်ပြေနိုင်မည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် ဆောင်ရွက်ခဲ့သည့်နည်းလမ်းအတိုင်း ပြည်ပရောက်မီဒီယာများ၏ ဝါဒဖြန့်မှုများကို ယုံကြည်၍ ငွေများလိုအပ်သည့်ထက် ပိုမိုထုတ်ယူမည်ဆိုပါက အဆိုပါကာလအတွင်း ဖြစ်ပေါ်ခဲ့သည့် ဘဏ်များထံမှ မိမိငွေများကို ရာခိုင်နှုန်းတစ်ရပ်ပေးပြီး လဲလှယ်ရယူခြင်းများကို ပြန်လည်ဖိတ်ခေါ်နေသကဲ့သို့ ဖြစ်လာမည်ဖြစ်ကြောင်း ဖြေကြားထားသည်။
ကောလာဟလ သတင်းများကို ယုံကြည်ပြီး ဘဏ်များမှ ငွေသားများကို လိုအပ်သည်ထက် ပိုမိုထုတ်ယူပါက ငွေကြေးဖောင်းပွမှုကို ဖြစ်စေနိုင်ပြီး ကုန်ဈေးနှုန်းကြီးမြင့်မှုအခြေအနေကိုပါ ဖြစ်ပေါ်စေနိုင်ကြောင်း၊ ငွေကြေးနှင့် ပတ်သက်ပြီး ဘဏ်များတွင် ငွေအလုံ အလောက်ရှိကြောင်းကို အာမခံကြောင်းနှင့် ပြည်သူလူ ထုအနေဖြင့် စိတ်ပူစရာမလိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ထုတ်ပြန်ထားသည်။