October 22, 2024

MT News

Written by Tha Doe

ပန်းဘဲတန်းမြို့နယ်ရှိ “သစ္စာ”ကုန်မာနှင့် အိမ်အလှဆင်ပစ္စည်း အရောင်းဆိုင်၏ ဆိုင်ရှင်နှင့် မိတ်ဆွေအား ဓားဖြင့်ထိုးကာ ငွေ၊ ဖုန်းနှင့် ကားလုယက်သူ သုံးဦးအား ဖမ်းမိခဲ့ပြီဖြစ်ကြောင်း SAC က နိုဝင်ဘာ ၁၉ ရက်ညတွင် ကြေညာသည်။

ဖြစ်စဥ်မှာ နိုဝင်ဘာ ၂ ရက် ညနေ ၆ နာရီ ၃၈ မိနစ်အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ပန်းဘဲတန်းမြို့နယ်၂၆ လမ်းထိပ်ရှိ “သစ္စာ” ကုန်မာနှင့် အိမ်အလှဆင်ပစ္စည်းအရောင်းဆိုင်တွင် ဆိုင်ရှင်ဖြစ်သူ ဦးမောင်မောင်ထွန်း (ခ) အင်မရမ်းနှင့် မိတ်ဆွေဖြစ်သူ ဦးမြင့်ကြည်တို့ရှိနေစဉ် အမျိုးသား ၃ ဦးမှ ဓားမြှောင်များကိုင်ဆောင် ဝင်ရောက်လာကာ ဦးမောင်မောင်ထွန်းနှင့် ဦးမြင့်ကြည်တို့အား ရန်ပြုတိုက်ခိုက်ခြိမ်းခြောက်ပြီး ဦးမောင်မောင်ထွန်းပိုင် မီးခံသေတ္တာအတွင်းရှိ ငွေကျပ်သိန်း ၂၈၀၊ ဦးမြင့်ကြည်ပိုင် YGN 4H 6543 Toyota Allion ခဲရောင်မော်တော်ယာဉ်နှင့် I phone ၂ လုံးတို့အား လုယက်ယူဆောင်သွားခဲ့သဖြင့် တရားခံများအား ပန်းဘဲတန်း မြို့မရဲစခန်းတွင် (ပ) ၆၈/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၃၉၄ ဖြင့် အမှုဖွင့်လှစ်၍ ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက်ခဲ့သည်။

လုယက်မှုကျူးလွန်ခဲ့သည့် တရားခံ ၃ ဦးအနက် တရားခံတစ်ဦးမှာ အဆိုပါ “သစ္စာ”ကုန်မာဆိုင်တွင် ယခင်က ယာဉ်မောင်းအဖြစ်လုပ်ကိုင်ခဲ့ဖူးသော သီဟအောင်ဆိုသူဖြစ်ကြောင်း စတင်ဖော်ထုတ်သိရှိခဲ့ရပြီး တရားခံများ လုယက်ယူဆောင်သွားခဲ့သည့် YGN 4H/6543 Toyota Allion ခဲရောင်မော်တော်ယာဉ်အား နိုဝင်ဘာလ ၃ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ရန်ကင်းမြို့နယ်၊ အမှတ် (၆) ရပ်ကွက်၊ ရန်ကင်းကလေးဆေးရုံအနီး ကန်ဘဲ့လမ်းမပေါ်တွင် ပြန်လည်တွေ့ရှိခဲ့သည်။

ထို့နောက် နိုဝင်ဘာ ၁၈ ရက်တွင် ဒဂုံဧရာအဝေးပြေးကားဝင်းရှိ “အင်ကြင်း” စားသောက်ဆိုင်၌ လသာမြို့နယ်နေတရားခံ  သီဟအောင်(ခ) ဝက်ပိန်(၂၉)နှစ် (ဘ)ဦးသိန်းသန်းထွန်းအား လုယက်မှုကျူးလွန်ရာမှ ရရှိသည့်ငွေများဖြင့် ဝယ်ယူထားသည့် ရွှေလက်စွပ် ၂ ကွင်း၊ VIVO Y16 အမျိုးအစား အနက်ရောင်လက်ကိုင်ဖုန်းတစ်လုံး၊ Digitech အမျိုးအစား နာရီတစ်လုံး၊ အနက်ရောင် ပိုက်ဆံအိတ်တစ်လုံးနှင့် ငွေကျပ် ၆၄၀၀၀၀ ကျပ်တို့နှင့်အတူ စတင်ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူ သီဟအောင် (ခ) ဝက်ပိန်၏ထွက်ဆိုချက်အရ လုယက်မှုတွင် အတူပါဝင် ကျူးလွန်ခဲ့သူများဖြစ်ကြသည့် မင်္ဂလာဒုံမြို့နယ်နေ မျိုးဇော်ထွန်း(၃၁)နှစ် (ဘ) ဦးတင်သောင်းအား လုယက်မှုကျူးလွန်ရာမှရရှိသည့် ငွေများဖြင့် ဝယ်ယူထားသည့် Redmi Note 11 Pro Prime အမျိုးအစား အနက်ရောင်ဖုန်းတစ်လုံးနှင့်အတူ ယင်းနေ့ ည ၉ နာရီခွဲအချိန်တွင် ၎င်း၏နေအိမ်၌ ဖမ်းဆီးရမိခဲ့ပြီး မရမ်းကုန်းမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ မြစံပယ်လမ်း၊ အမှတ်(၉၃)နေ ဘိုဘို (ခ) မြင့်ထွေး(၂၅)နှစ် (ဘ) ဦးမြင့်သန်းအား လုယက်မှုကျူးလွန်ရာမှရရှိသည့် ငွေများဖြင့် ဝယ်ယူထားသည့် ရွှေနားကပ်တစ်ရံ၊ VIVO Y17 အမျိုးအစား နက်/ပြာရောင်ဖုန်းတစ်လုံး၊ Techno Spark 7 အမျိုးအစား အစိမ်းရောင် ဖုန်းတစ်လုံးနှင့် အခင်းဖြစ်စဉ် ၎င်းဝတ်ဆင်ခဲ့သည့် ပလေကပ်ပုဆိုးတစ်ထည်၊ နက်ပြာရောင် တီရှပ်လက်တိုတစ်ထည်တို့နှင့်အတူ ယင်းနေ့ ည ၁၀ နာရီအချိန်တွင် ၎င်း၏နေအိမ်၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူ တရားခံများ၏ ထွက်ဆိုချက်အရ ၎င်းတို့အနေဖြင့် လတ်တလောငွေကြေးအသုံးလိုသည့်အတွက် သီဟအောင်(ခ)ဝက်ပိန် ယခင်ယာဉ်မောင်း အလုပ်လုပ်ကိုင်ခဲ့ဖူးသည့် “သစ္စာ” ကုန်မာဆိုင်အား လုယက်ခဲ့ကြခြင်းဖြစ်ကြောင်း၊ လုယက်ရာတွင် သီဟအောင်(ခ) ဝက်ပိန်က ဦးဆောင်ခဲ့ပြီး ဘိုဘို (ခ) မြင့်ထွေးနှင့် မျိုးဇော်ထွန်းတို့က ပူးပေါင်းပါဝင်ခဲ့ကြကြောင်း၊ ဆိုင်အတွင်း ဝင်ရောက်လုယက်စဉ် မျိုးဇော်ထွန်းက ဦးမောင်မောင်ထွန်းအား ချုပ်နှောင်၍ သီဟအောင်(ခ)ဝက်ပိန်မှ ဓားဖြင့်ထိုးခဲ့ကြောင်း၊ ဘိုဘို(ခ)မြင့်ထွေးမှ ဦးမြင့်ကြည်အားချုပ်နှောင်၍ ဆိုင်နောက်ဖက်သို့ခေါ်ဆောင်သွားခဲ့ကြောင်း၊ ထို့နောက် ဦးမောင်မောင်ထွန်းအား ခြိမ်းခြောက်ကာ မီးခံသေတ္တာအတွင်းမှ ပိုက်ဆံများအားလုယူပြီး စားပွဲပေါ်တွင် တွေ့ရှိရသော ကားသော့အားယူ၍ ဆိုင်ရှေ့တွင် ရပ်ထားသည့် YGN 4H/6543 Toyota Allion ခဲရောင်မော်တော်ယာဉ်အား သီဟအောင်(ခ)ဝက်ပိန်က မောင်းနှင်ယူဆောင်ကာ ထွက်ပြေးခဲ့ကြခြင်းဖြစ်ကြောင်း၊ ရန်ကင်းမြို့နယ်၊ ရန်ကင်းကလေးဆေးရုံအနီး၊ ကန့်ဘဲ့လမ်းမပေါ်အရောက်တွင် မော်တော်ယာဉ်အား ရပ်ထားခဲ့ကြောင်း၊ ထိုမှတစ်ဆင့် တက္ကစီငှား၍ မြောက်ဥက္ကလာပမြို့နယ်၊ အမှတ်(၂) ရပ်ကွက်၊ သုဓမ္မာလမ်းရှိ၊ “ရွှေရိုးရာ”ဘီယာဆိုင်တွင် ဘီယာသောက်ခဲ့ကြပြီး အခင်းဖြစ်စဉ်က ရရှိခဲ့သော ငွေကျပ်သိန်း ၂၈၀ အား မျိုးဇော်ထွန်းနှင့် ဘိုဘို(ခ)မြင့်ထွေးတို့အား တစ်ဦးလျှင် ကျပ်သိန်း ၃၀ စီပေး၍ သီဟအောင်(ခ)ဝက်ပိန်က ကျန်ရှိငွေ ကျပ်သိန်း ၂၂၀ အား ယူဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

ဖြစ်စဉ်တွင် လုယက်မှုကျူးလွန်သူ တရားခံ သီဟအောင်(ခ)ဝက်ပိန်ပါ ၃ ဦးအား ငွေစက္ကူ ရောရာ ၆၄၀၀၀၀ ကျပ်၊ ဖုန်းမျိုးစုံ ၄ လုံး၊ ရွှေလက်စွပ် ၂ ကွင်း၊ ရွှေနားကပ်တစ်ရံ၊ နာရီတစ်လုံး၊ ပိုက်ဆံအိတ်တစ်လုံး၊ လုယက်မှုကျူးလွန်စဉ် ဘိုဘို(ခ)မြင့်ထွေး ဝတ်ဆင်ခဲ့သည့် ပလေကပ်ပုဆိုးတစ်ထည်နှင့် နက်ပြာရောင်တီရှပ်လက်တိုတစ်ထည်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *