October 22, 2024

၂၀.၁၁.၂၀၂၃
Written by Peya

နုန်းကြောင့် ပြီးခဲ့သည့် ကာလတွင်း မြို့နယ်လေးမြို့နယ်ခန့်ကို ရေကြီးရေလျှံစေခဲ့သည့် ငမိုးရိပ်ချောင်းတွင် ရေစီးရေလာ ကောင်းမွန်ရေး လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံက သိရသည်။

ငမိုးရိပ်ချောင်းတစ်လျှောက် ရေစီးရေလာကောင်းမွန်ရေး၊ စက်ယန္တရားကြီးများ၊ သင်္ဘောများဖြင့် ဆောင်ရွက်နေရာ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ငမိုးရိပ်ရေထိန်းတံခါးတွင် ချောင်းအတွင်းက နုန်းများကို ရေပေါ်သွား မြေတူးစက် (Amphibious) ကိုးစီးနှင့် Back Hoe (Long Arm) ခြောက်စီး၊ Back Home with pontoon နှစ်စီးတို့ဖြင့် နုန်းစုပ်တင်ခြင်း လုပ်ငန်း ဆောင်ရွက်နေကြောင်း သိရသည်။

ထို့အပြင် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်၊ စစ်ပင်တောင်အောက်ရပ်ကွက်အနီးရှိ ငမိုးရိပ်ချောင်းတွင် ငမိုးရိပ်ချောင်းအောက်ဘက်က ရွှေပေါက္ကံတံတားအထိ ပေ ၂၅,၀၀၀ (၅ မိုင်ခန့်) ကို သောင်တူးသင်္ဘောများဖြင့် ချောင်းအတွင်းက နုန်းများကို ဆယ်ယူဆောင်ရွက်နေကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ခြင်းဖြင့် လှည်းကူး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက္ကံမြို့သစ်တို့တွင် ရေကြီးရေလျှံမှု လျော့နည်း၍ ရေစီးရေလာကောင်းမွန်ကာ ချောင်းအတွင်းမှတစ်ဆင့် မြစ်ပေါက်မှ ပင်လယ်အထိ ရေစီးဆင်းမှု မြန်မည်ဖြစ်ကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ရေစီးရေလာ ကောင်းမွန်ရေးအတွက် အဓိကကျသည့် ငမိုးရိပ်ချောင်းသည် ထူးကဲဒီရေတက်ချိန်တွင် ချောင်းရိုးတစ်လျှောက် နုန်းနှင့် ရွှံ့နွံများ တင်ကျန်ခဲ့၍ ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *