October 22, 2024

၂၀. ၁၁. ၂၀၂၃
Written by Ye Kyaw

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှ အောက်တိုဘာလကုန်အထိ ခုနစ်လအတွင်း ပြည်ပဈေးကွက်သို့ မြန်မာ့ပျားရည် တန်ချိန် ၁၃၁၉ ဒသမ ၀၂ တန် တင်ပို့မှုမှ ဒေါ်လာ ၁ ဒသမ ၉၇၈ သန်း ရရှိခဲ့ကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှ သိရသည်။

အဆိုပါကာလအတွင်း ပျားရည်တင်ပို့မှုကို ဂျပန်၊ ထိုင်းနှင့် တောင်ကိုရီးယားနိုင်ငံများသို့ ပုဂ္ဂလိကကဏ္ဍမှ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတို့မှတစ်ဆင့် တင်ပို့ထားခြင်းဖြစ်ပြီး ပျားရည်ကို ပြည်တွင်း၌ ဆေးဝါးအဖြစ် အသုံးပြုကာ ပြည်ပဈေးကွက်သို့ တင်ပို့ထားနိုင်ခဲ့ခြင်းကြောင့် နိုင်ငံခြားဝင်ငွေ ရရှိနေခြင်းဖြစ်သည်။

လက်ရှိပြည်တွင်း၌ ပျားရည်ထုတ်လုပ်မှုအနေဖြင့် နှမ်းပျားရည်၊ ဆီးပျားရည်၊ ပန်းနှမ်းပျားရည်၊ နေကြာပျားရည်၊ လိုက်ချီးပျားရည် စသည့်အမျိုးအစားများ အဓိကထုတ်လုပ်လျက်ရှိပြီး ပြည်ပဈေးကွက်တွင် မြန်မာ့ပျားရည် တစ်တန်ကို ဒေါ်လာ ၂၅၀၀ မှ ၃၀၀၀ ကြားရရှိနေပြီး နှစ်စဉ် တန်ချိန် ၃၀၀၀ ခန့် တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

မြန်မာ့ပျားလုပ်ငန်းဌာနအနေဖြင့် မြို့နယ် ၃၁ မြို့နယ်တွင် အစိုးရပိုင် ပျားမွေးမြူရေးစခန်း ၃၁ ခုဖွင့်လှစ်ထားရှိပြီး ပျားမွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နေခြင်းဖြစ်ကာ ပုဂ္ဂလိက ပျားမွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် နည်းပညာများ၊ မျိုးကောင်းမျိုးသန့်များ ပံ့ပိုးကူညီပေးနေသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပျားရည်များကို ဂျပန်၊ ထိုင်း၊ ကိုရီးယားနိုင်ငံများအပြင် တရုတ်၊ ဆော်ဒီအာရေဗျ၊ အမေရိကန်၊ စင်ကာပူနှင့် ဥရောပဈေးကွက်များသို့လည်း တင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *