October 22, 2024

၂၀. ၁၁. ၂၀၂၃
Written by Peya

အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် လက်မှတ်ရေးထိုးထားသည့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အနေဖြင့် ရခိုင်ပြည်နယ်တွင် တိုက်ပွဲကာလ နေရပ်စွန့်ခွာလာရသူများအတွက် ကူညီမည်ဖြစ်ပြီး ပြေးလွှားစဉ် လူကွဲကာ ပျောက်ဆုံးသွားသူများကိုလည်း ကူညီရှာဖွေပေးနေကြောင်း ALP မှ အတွင်းရေးမှူး အဖွဲ့ဝင် ဗိုလ်မှူးခိုင်သူရိန်က MT News သတင်းဌာနသို့ ပြောသည်။

နိုဝင်ဘာ ၁၃ ရက်က စတင်ကာ ရခိုင်ပြည်နယ်တွင် တစ်ကျော့ပြန် တိုက်ပွဲများ ဖြစ်ပေါ်လာခြင်းဖြစ်ကာ ALP အနေဖြင့် ရခိုင်ပြည်သူများနှင့်အတူ တစ်သားတည်း ရပ်တည်နေပြီး တိုက်ပွဲကာလအတွင်း နေရပ်စွန့်ခွာလာကြသူများ၏ ကျန်းမာရေး၊ စားဝတ်နေရေး၊ နေထိုင်ရေးစသည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာကိစ္စများကို NCA သဘောတူညီချက်ပါ ပြဌာန်းချက်များနှင့် လူမျိုးဘာသာ မရွေး ကူညီမည်ဖြစ်ကြောင်းလည်း အဆိုပါ ပါတီထံက သိရသည်။

“လောလောဆယ်ကတော့ ကျွန်တော်တို့ မြို့နယ်တွေမှာရှိတဲ့ ယူနစ်တွေကနေ အနီးစပ်ဆုံး ထောက်ပံ့မှုတွေ လုပ်ပေးမယ်။ အခုအချိန်ကတော့ အားလုံး အန္တရာယ်ကြားမှာဆိုတော့ အရမ်းကြီး ဂရုစိုက်ပြီးတော့ အနေအထားတော့ ရှိတာပေါ့နော်။ စစ်ဘေးရှောင်အဖွဲ့တွေကို မကြာခင်အေးတော့မှာဆိုတော့ အနွေးထည်တွေ ထောက်ပံ့ဖို့ စီစဉ်နေတာ ရှိပါတယ်။ စားနပ်ရိက္ခာနဲ့ ပတ်သက်လို့ ထောက်ပံ့ဖို့ စီစဉ်နေတာလည်း ရှိပါတယ်။ အဓိကတော့ လူပျောက်နေတာပေါ့နော်။ ပြေးရင်းလွှားရင်း လူကွဲသွားတာ၊ ပျောက်သွားတာတွေကို ချိတ်ဆက်ဆောင်ရွက်နေတာ ရှိပါတယ်” ဟု ဗိုလ်မှူး ခိုင်သူရိန်က ဆိုသည်။

လူပျောက်သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍ လက်ရှိ တိုက်ပွဲကာလအတွင်း ပြန်လည် ရှာဖွေရသည်မှာ ခက်ခဲသော်လည်း ရင်းမြစ်များကို ယူထားကာ ချိတ်ဆက်ခြင်း အပါအဝင် နည်းလမ်းမျိုးစုံဖြင့် အခြေအနေ အချိန်အခါကို လိုက်ကာ ဆောင်ရွက်နေသည့်အပြင် နယ်မြေ အခြေအနေအလိုက် ဆောင်ရွက်နေကြောင်းလည်း ၎င်းက ဆိုသည်။

“(လူပျောက်တာက) ဖုန်းတွေ တောက်လျှောက်ဝင်နေတာ။ မှတ်တမ်းယူပြီး ပြန်ချိတ်ဆက်ပေးနေပါတယ်။ ပေါက်တောကတော့ အများဆုံးပဲ။ တောက်လျှောက်ကို ဝင်နေတာ” ဟု ၎င်းက ရှင်းပြသည်။

ပုံစာ – ပေါက်တောမြို့ကို အေအေ က ထိန်းချုပ်ပြီးနောက် ပြည်သူများ မြို့ကို စွန့်ခွာ ထွက်ပြေးနေစဉ် မြင်ကွင်း

Leave a Reply

Your email address will not be published. Required fields are marked *