October 22, 2024

၂၀. ၁၁. ၂၀၂၃.
Translated by Htwe Ko Tun

အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ Uttarkashi ခရိုင်အတွင်း အဝေးပြေးလမ်းမကြီးတစ်ခုတည်ဆောက်ရေး စီမံကိန်း၌ လမ်းလိုဏ်ခေါင်းတစ်ခုတည်ဆောက်ရေးလုပ်ငန်းခွင်တွင် နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့သော လိုဏ်ခေါင်းပြိုကျမှု၌ ပိတ်မိနေခဲ့သော အလုပ်သမား ၄၁ ဦးအား လိုဏ်ခေါင်းအပြင်သို့ ကယ်ထုတ်ရေးလုပ်ငန်းစဉ်မှာ ရက်သတ္တပတ် တစ်ပတ်ကျော်ပြီးဖြစ်သော်လည်း တိုးတက်မှုအနည်းငယ်သာရရှိသေးကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။

ပြိုကျကားလမ်းလိုဏ်ခေါင်းအတွင်း ပိတ်မိနေသော အလုပ်သမားများအား ၂၄ နာရီအတွင်း အဆက်အသွယ်ပြန်လည်ရရှိခဲ့ကြောင်း၊ အားလုံးမှာ အသက်ရှင်ဘေးကင်းစွာရှိနေကြကြောင်း ကယ်ဆယ်ရေးအဖွဲ့က နိုဝင်ဘာ ၁၃ ရက် နံနက်တွင် ပြောကြားခဲ့သည်။ သို့သော် ထို့နောက် တစ်ပတ်ခန့်ရှိပြီဖြစ်သော်လည်း ကယ်ဆယ်ရေးလုပ်ငန်းက မျှော်မှန်းထားသလို အလုပ်သမားများကို ပြန်လည်ကယ်ထုတ်ခြင်း မပြုနိုင်ဘဲ ရှိနေရခြင်းဖြစ်သည်။

၆၅ မီတာအထူရှိ ပြိုကျအပျက်အစီးများကိုဖြတ်ကာ အချင်းကြီးမားကျယ်ပြန့်သောပိုက်များကို ပိတ်မိအလုပ်သမားများထံ အစာရေစာနှင့် အခြားလိုအပ်သည်များ ပို့ပေးနိုင်ရန်အတွက် လိုဏ်ခေါင်းအတွင်း ထိုးထည့်လျက်ရှိရာ နိုဝင်ဘာ ၁၉ ရက်အထိ စုစုပေါင်း အရှည် ၄၂ မီတာရှိမည့်ပိုက်များကိုမူ အပျက်အစီးများကို ဖောက်လျက် ထိုးထည့်ထားနိုင်ခဲ့ကြောင်း သိရသည်။

ကယ်ဆယ်ရေးအဖွဲ့က မူလက လိုဏ်ခေါင်းတည်ဆောက်နေသည့် အဝင်ဝတစ်ဖက်တည်းမှ မြေတူးစက်များဖြင့် ပြိုကျမြေအပျက်အစီးများကို ဖယ်ရှားနိုင်ရန် တူးဖော်နေခြင်းဖြစ်သည်။

သို့သော် ယခုအခါတွင် ကယ်ဆယ်ရေးအဖွဲ့က ကားလမ်းလိုဏ်ခေါင်း၏ တစ်ဖက်တစ်ချက်ရှိမြို့များဖြစ်ကြသော Silkyaraမြို့နှင့် Barkot မြို့နှစ်ဖက်စလုံးမှလည်းကောင်း၊ တောင်၏အပေါ်ထိပ်ဘက်မှ ကားလမ်းလိုဏ်ခေါင်းဆီသို့လည်းကောင်း ဒေါင်လိုက်တူးဖော်ခြင်းများကို ဆောင်ရွက်လျက်ရှိသည်။ သို့ဖြစ်၍ နှစ်ရက်မှသုံးရက်အတွင်း ပိတ်မိအလုပ်သမားများကို ပြန်လည်ကယ်တင်နိုင်ရန် မျှော်လင့် လျက်ရှိသည်။

သို့သော် မြေမျက်နှာပြင်အနေအထား၊ မြေအမျိုးအစားပြောင်းလဲမှုနှင့် မြေအပျက်အစီးများ ပိုမိုပြိုကျလာနိုင်မှု စသည့်အခက်အခဲများကြောင့် လုပ်ငန်းနှောင့်နှေးနေရကြောင်းလည်း ကယ်ဆယ်ရေးအဖွဲ့က ပြောခဲ့သည်။

Ref–Hindustan Times

Leave a Reply

Your email address will not be published. Required fields are marked *