၁၇. ၁၁. ၂၀၂၃
Written by Nyein Kyaw
“ဝ” နယ်မြေအတွင်း တရားမဝင် အွန်လိုင်းလိမ်လည်မှုများ ပြုလုပ်ပြီး ထွက်ပြေးလာသည့် တရုတ်နိုင်ငံသား ၂၇၀ ဦးနှင့် မလေးရှားနိုင်ငံသား ၂ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁ ဦးနှင့် မြန်မာနိုင်ငံသား ၁၃ ဦး စုစုပေါင်း ၂၈၆ ဦးကို ဖမ်းမိခဲ့ပြီး စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(SAC)၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ပြောကြားသည်။
မြန်မာနိုင်ငံအစိုးရအနေဖြင့် အွန်လိုင်းလိမ်လည်မှုများကို အမြစ်ပြတ် ချေမှုန်းနိုင်ရန် လုပ်ငန်းများအဓိကလုပ်ကိုင်နေသာ ရှမ်းမြောက်ဒေသနှင့် ဆက်စပ်နေသည့် ရှမ်းပြည် နယ်အရှေ့ပိုင်းနှင့် တောင်ပိုင်းအတွင်း၌ တရားမဝင်နေထိုင်မှုနှင့် သံသယရှိသူများကို ယခုနိုဝင်ဘာလဆန်းမှစတင်ပြီး ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
“မိုင်းယောင်း မြို့နယ်ထဲမှာလည ကျွန်တော်တို့ စစ်ဆေးခဲ့တာတွေ ဆောင်ရွက်ခဲ့တယ်။ ပြီးရင်တော့ တာချီလိတ်မှာ စစ်ဆေးမှုတွေ ဆောင်ရွက်ခဲ့တယ်။ ပြီးရင် ရှမ်းပြည်နယ် တောင်ပိုင်းဂိတ်တွေမှာ စစ်ဆေးမှုတွေ ဆောင်ရွက်ခဲ့တယ်။ ဒီစစ်ဆေးမှုတွေထဲမှာ ဖမ်းဆီးရမိအနေနဲ့ကတော့ တရုတ်နိုင်ငံသား ၂၇၀ ဦး၊ မလေးရှားနိုင်ငံသား ၂ ဦး၊ ဗီယက်နမ်နိုင်ငံသား ၁ ဦးနဲ့ မြန်မာနိုင်ငံသား ၁၃ ဦး စုစုပေါင်း ၂၈၆ ဦး ဖမ်းဆီးရမိခဲ့တယ်။ ဒီဖမ်းဆီးရမိသူတွေကို ကနဦး စစ်ဆေးတယ်။ စစ်ဆေးတဲ့အခါမှာ ဒီမြန်မာနိုင်ငံအတွင်းမှာ အွန်လိုင်းကနေတစ်ဆင့် ငွေကြေးလိမ်လည်မှုနဲ့ လောင်းကစားမှုတွေ ပြုလုပ်ဖို့ ရောက်ရှိနေတဲ့သူတွေဆိုတာ ကနဦး စစ်ဆေးဖော်ထုတ်ချက်တွေအရ တွေ့ရှိရတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ထို့ပြင် နိုဝင်ဘာ ၅ ရက်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မက်မန်းမြို့နယ်၊ ကျေးရွာများကို တရားမဝင် ဝင်ရောက်နေထိုင်သူများကို စစ်ဆေးခဲ့ရာ တရားမဝင် ဝင်ရောက်နေသူများ၊ သံသယရှိသူများ စုစုပေါင်း ၄၈ ယောက်ကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း ၎င်းက ပြောကြားသည်။ လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် အွန်လိုင်းလိမ်လည်မှု၊ လောင်းကစားမှုများကို အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းကာ တက်ကြွစွာပါဝင်ပြီး အမြစ်ပြတ်ချေမှုန်းမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့ ဒီ ၂၈၆ ဦးကို ဆက်လက်ပြီးတော့ စစ်ဆေးမှုများ ဆောင်ရွက်ပြီးတော့ တရားဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အများစုကတော့ ကနဦး စစ်ဆေးချက်တွေအရ ကျွန်တော်တို့ သိရှိရတာကတော့ “ဝ” နယ်မြေထဲကနေမှ “ဝ” နယ်မြေထဲမှာ ဒါတရားမဝင် အွန်လိုင်းလိမ်လည်မှု ပြုလုပ်နေတာကနေပြီးမှ ထွက်ပြေးလာတဲ့သူတွေလို့ ကျွန်တော်တို့ သိရှိရပါတယ်” ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။