October 22, 2024

MT News

Written by Tha Doe

သိမ်ဖြူလမ်းရှိ ရဲမင်းအောင်ငွေလဲကောင်တာအား ဓားပြတိုက်သူလေးဦးအနက် ခေါင်းဆောင်မှအပ ကျန်သူများ ဖမ်းမိခဲ့သည်ဟု SAC က နိုဝင်ဘာ ၁၉ ရက်နေ့ညတွင် သတင်းထုတ်ပြန်သည်။

ဖြစ်စဥ်မှာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၂ ရက် ညနေ ၄ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဖို့မြေရပ်ကွက်၊ သိမ်ဖြူလမ်း၊ အမှတ် (၅၀၀) မြေညီထပ်တွင် ဖွင့်လှစ်ထားသော Ye Min Aung Money Changer သို့ အမျိုးသား ၃ ဦးဝင်ရောက်လာပြီး အမျိုးသား ၂ ဦးမှသေနတ်ဖြင့်ချိန်ကာ ကျန်အမျိုးသားတစ်ဦးမှ ဓားမြှောင်တစ်လက်ကိုင်ဆောင်ခြိမ်းခြောက်၍ဆိုင်ရှိ ငွေကျပ်သိန်း ၃၀၀ ခန့်နှင့် I phone တစ်လုံးအား ဓားပြတိုက်ယူဆောင်သွားခဲ့ကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အခင်းဖြစ်ရပ်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ဓားပြတိုက်မှုအား တရားခံ ၄ ဦးက ပူးပေါင်းကျူးလွန်ခဲ့ကြခြင်းဖြစ်ပြီး ၃ ဦးမှ ဆိုင်အတွင်း ဝင်ရောက်လုယက်ကာ တစ်ဦးမှာ ဆိုင်အပြင်ဘက်ရှိ မော်တော်ယာဉ်ပေါ်၌ အသင့်စောင့်ဆိုင်းနေခဲ့သည်ကို တွေ့ရှိခဲ့သည်။ ထို့ပြင် အခင်းဖြစ်နေရာ၌ လုယက်သူများကျန်ရှိခဲ့သည့် ပစ္စတိုသေနတ်တစ်လက်၊ ကျည်အိမ်တစ်ခု၊ 9mm ကျည် ၉ တောင့်နှင့် ကျည်ခွံတစ်ခုတို့အား သိမ်းဆည်းရမိခဲ့သဖြင့် ဓားပြတိုက်မှုကျူးလွန်သူ တရားခံများအား မင်္ဂလာ တောင်ညွန့်မြို့မရဲစခန်းတွင် (ပ)၃၅၂/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅ ဖြင့် အမှုဖွင့်လှစ်၍ ဖမ်းဆီးရမိနိုင်ရေးဆောင်ရွက်ခဲ့သည်။

ဖြစ်စဉ်မှ ဓားပြတိုက်မှုကျူးလွန်သူ တရားခံများအား ဖော်ထုတ်ဖမ်းဆီးရနိုင်ရေး ဆောင်ရွက်ခဲ့ရာ ဓားပြတိုက်မှုကျူးလွန်စဉ်က အသုံးပြုခဲ့သည့် မော်တော်ယာဉ်အား မောင်းနှင်ပေးခဲ့သူ မင်္ဂလာတောင်ညွန့်မြို့နယ်နေ အောင်ပိုင်ဦး(ခ)ပိုင်ပိုင်(၁၉)နှစ် (ဘ)ဦးကျော်မင်းနိုင်အား ငွေစက္ကူ ရောရာ ၄၅ သိန်း၊ Redmi K30 အမျိုးအစား အပြာရောင် ဖုန်းတစ်လုံး၊ ဓားပြတိုက်မှုကျူးလွန်စဉ် ဝတ်ဆင်အသုံးပြုခဲ့သည့် အနက်ရောင်တီရှပ် အင်္ကျီလက်တိုတစ်ထည်၊ အဖြူရောင်ဘောင်းဘီရှည် တစ်ထည်တို့နှင့်အတူ နိုဝင်ဘာလ ၁၈ ရက် နံနက် ၈ နာရီ ၄၅ မိနစ်အချိန်တွင် မင်္ဂလာတောင်ညွန့် မြို့နယ်၊ ဗိုလ်မင်းရောင်လမ်းရှိ မြယာကုန်းမီးပွိုင့်တွင် စတင်ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူ အောင်ပိုင်ဦး(ခ)ပိုင်ပိုင်၏ ထွက်ဆိုချက်အရ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူ သာကေတမြို့နယ်နေ အောင်ရဲနိုင်(ခ) အရှည်ကြီး (၂၄)နှစ် (ဘ)ဦးခင်မောင်သန်းအား Redmi K30 အမျိုးအစား ခရမ်းရောင်ဖုန်း တစ်လုံးနှင့်အတူ ယင်းနေ့နံနက် ၉ နာရီ ၃၅ မိနစ်အချိန်တွင် သာကေတမြို့နယ်၊ မင်းနန္ဒာလမ်းနှင့် မင်းရဲကျော်စွာလမ်းထိပ်တွင် ဖမ်းဆီးရမိခဲ့သည်။ ထို့ပြင် သာကေတမြို့နယ်နေ မင်းဟိန်း(ခ)ဂွပု(၂၄)နှစ် (ဘ)ဦးဉာဏ်ထွန်းမြင့်အား ယင်းနေ့နံနက် ၁၀ နာရီ ၃၅ မိနစ်အချိန်တွင် Oppo A16K အမျိုးအစား အနက်ရောင်ဖုန်းတစ်လုံးနှင့်အတူ ၎င်း၏ နေအိမ်၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိသူများ၏ထွက်ဆိုချက်အရ ဓားပြတိုက်မှုအား ဝေကြီး(ခ)ဝေဖြိုးအောင်(ဖမ်းဆီးရန်ကျန်)က ဦးဆောင်ပြီး အဖွဲ့ဝင် ၄ ဦးဖြင့် ကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ဓားပြတိုက်မှု ကျူးလွန်စဉ် ဝေကြီး(ခ)ဝေဖြိုးအောင်က ပစ္စတိုသေနတ်အား ကိုင်ဆောင်ကာ အောင်ရဲနိုင်(ခ) အရှည်ကြီးနှင့်အတူ ဆိုင်အတွင်း ဝင်ရောက်လုယက်ဓားပြတိုက်ခဲ့ပြီး မင်းဟိန်း(ခ)ဂွပုက ဆိုင်အပေါက်ဝတွင် အခြေအနေ စောင့်ကြည့်ပေးကာ အောင်ပိုင်ဦး(ခ)ပိုင်ပိုင်က ဆိုင်အပြင်၌ မော်တော်ယာဉ်ဖြင့် အသင့်စောင့်ဆိုင်းပေးခဲ့ခြင်းဖြစ်ကြောင်း၊ ဓားပြတိုက်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် ပစ္စတိုသေနတ်အား ဝေကြီး(ခ) ဝေဖြိုးအောင် (ဖမ်းဆီးရန်ကျန်)က ယူဆောင်လာခဲ့ခြင်းဖြစ်ကြောင်း၊ ဓားပြတိုက်မှုကျူးလွန်ရာမှရရှိခဲ့သည့် ငွေ ၁၇၃ သိန်းကျပ် အနက်မှ အောင်ပိုင်ဦး (ခ) ပိုင်ပိုင်အား ၁၅ သိန်းကျပ်၊ မင်းဟိန်း (ခ) ဂွပုအား ၁၀ သိန်းကျပ်၊ အောင်ရဲနိုင်(ခ)အရှည်ကြီးအား ၁၅ သိန်းကျပ်စီ အသီးသီးခွဲတမ်းအဖြစ်ပေးအပ်ခဲ့ပြီး ကျန်ငွေများအား ဝေကြီး(ခ)ဝေဖြိုးအောင်က ယူဆောင်ခဲ့ခြင်းကြောင်း ဖော်ထုတ်သိရှိရသည်။

ဖြစ်စဉ်တွင် ဓားပြတိုက်မှုကျူးလွန်ခဲ့ပြီး ဖမ်းဆီးရမိသူများဖြစ်ကြသည့် တရားခံ အောင်ပိုင်ဦး (ခ) ပိုင်ပိုင်ပါ ၃ ဦးတို့အား သက်သေခံပစ္စည်းများဖြစ်သည့် ငွေစက္ကူရောရာ ၄၅ သိန်းကျပ်၊ ဖုန်းမျိုးစုံ ၃ လုံး၊ ပစ္စတိုသေနတ်တစ်လက်၊ ကျည်အိမ်တစ်ခု၊ 9mm ကျည် ၉ တောင့်၊ ကျည်ခွံတစ်ခု၊ ပြစ်မှုကျူးလွန်စဉ် အောင်ပိုင်ဦး(ခ)ပိုင်ပိုင် ဝတ်ဆင်ခဲ့သည့် အနက်ရောင် တီရှပ်အင်္ကျီလက်တိုတစ်ထည်နှင့် အဖြူရောင်ဘောင်းဘီရှည်တစ်ထည်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့ကာ ဖမ်းဆီးရမိသူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးရန်ကျန်တရားခံဖြစ်သည့် ဝေကြီး(ခ)ဝေဖြိုးအောင်အား အမြန်ဆုံးဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *