စက်သုံးဆီ ကောလာဟလ မအောင်မြင်၍ ထပ်မံဝါဒဖြန့်ခြင်းသာဖြစ်
၁၇. ၁၁. ၂၀၂၃
ငွေကြေးနှင့် ပတ်သက်ပြီး ဘဏ်များတွင် ငွေအလုံအလောက်ရှိကြောင်းကို အာမခံကြောင်းနှင့် ပြည်သူလူ ထုအနေဖြင့် စိတ်ပူစရာမလိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့တွင် ပြောကြားသည်။
“ပြည်သူလူထုအနေနဲ့ သိရှိထားဖို့ကတော့ ဘဏ်တွေနဲ့ ပတ်သက်ပြီးတော့ကြ ဗဟိုဘဏ်ကလည်း ကျွန်တော်တို့ ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ အာမခံနိုင်တာက ငွေရေးကြေးရေးအနေနဲ့ အလုံအလောက်ရှိပါတယ်။ ငွေရေးကြေးရေးအနေနဲ့ ဒါဗဟိုဘဏ်အနေနဲ့လည်း ဒါငွေရေးကြေးရေး ထုတ်သွင်းမှုမှာ မူတည်ပြီးတော့ကြ ဘဏ်တွေမှာ ငွေသားလက်ကျန်၊ ငွေသားထုတ်ပေးနိုင်မှု ချိန်ညှိဆောင်ရွက်လျက်ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ကြ စိတ်ပူစရာမရှိဘူးလို့ ကျွန်တော်တို့ အာမခံပြောကြားနိုင်ပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ယခင်တစ်ပတ်က စက်သုံးဆီကိစ္စနှင့် ပတ်သက်ပြီး ကောလာဟလထုတ်လွှင့်မှု မအောင်မြင်ခဲ့သည့်အတွက် နောက်တစ်မျိုးဝါဒဖြန့်မှုသာဖြစ်ကြောင်းနှင့် ဘဏ်လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ပုံမှန်အတိုင်းဆောင်ရွက်လျက်ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
“ယခင်အပတ်မှာ စက်သုံးဆီနဲ့ ပတ်သက်တာ ကောလာဟာလတွေ ထုတ်လွှင့်ခဲ့တာရှိပါတယ်။ ကျွန်တော်တို့ စက်သုံးဆီနဲ့ ပတ်သက်ပြီးတော့ သတင်းထုတ်ပြန်ပြီးနောက်ပိုင်းမှာ စက်သုံးဆီနဲ့ ပတ်သက်ပြီး ကောလာဟလများ ငြိမ်ကျသွားပြီ။ အခုနောက်ထပ် ဝါဒဖြန့်မှုတစ်ခုပေါ့” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
လူမှုကွန်ရက်တွင် ပျံ့နှံနေသလို ဘဏ်အပ်ငွေ ငွေသားထုတ်ယူမှု မကန့်သတ်သလို ပုဂ္ဂလိကဘဏ်များ ဝန်ထမ်းလစာကြိုထုတ်ပေးမှု သတင်းမှားကြောင်းနှင့် အများပြည်သူ၏ အကျိုးစီးပွားကို ထိခိုက်ပျက်စီးစေရန် သတင်းမှားများဖြန့်ဝေသူများကို ဥပဒေပြဌာန်းချက်များနှင့်အညီ ဖော်ထုတ်အရေးယူပြီး ထိရောက်ဟန့်တားသော ပြစ်ဒဏ်များ ချမှတ်နိုင်ရန် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ဗဟိုဘဏ်က နိုဝင်ဘာ ၁၆ ရက် (ယမန်နေ့)တွင် ထုတ်ပြန်ထားသည်။
အလားတူ မြန်မာ့စီးပွားရေးဘဏ်ကလည်း ဘဏ်ခွဲတစ်ခုခု ယာယီရပ်ဆိုင်းရပါက စာရင်းဇယားများအဆင့်ဆင့်ထိန်းသိမ်းထား၍ အခြားသောဘဏ်ခွဲများတွင် ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်းနှင့် ပြည်သူများမနစ်နာစေရန် အခြားသောဘဏ်ခွဲများမှ ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း ယနေ့ကြေညာထားသည်။