၁၇. ၁၁. ၂၀၂၃
Written by KL
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်ရှိ အိမ်ခြေ ၁၀၀၀ ကျော်ရှိသော မိုင်းခေါင်ကျေးရွာတွင် နိုဝင်ဘာ ၁၆ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၄၀ခန့်က ရွာစျေးတန်း မီးလောင်မှုဖြစ်ပွားခဲ့ရာ ဆိုင်ခန်း ၁၁ ခန်းနှင့် လူနေအိမ်၂ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။
စျေးဆိုင်တန်းရှိ ကုန်ဆုံဆိုင်တစ်ဆိုင်တွင် လျှပ်စစ်ဒယ်အိုးဖြင့် ဟင်းချက်ထားပြီး ဆိုင်ခန်းအပြင်ဘက်သို့ စျေးထွက်ရောင်းနေစဥ် လျှပ်စစ်ဒယ်အိုး အပူလွန်ကဲ၍ မိန်းခုံမှတဆင့် အနီးရှိ ဝါးထရံသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း မီးလောင်မှုကို စစ်ဆေးသူများထံမှ သိရသည်။
မိုင်းခေါင်စျေး မီးလောင်မှုမှာ တစ်နာရီခွဲကြာမြင့်ခဲ့ပြီး ကုန်စုံဆိုင်များ၊ ဆေးဆိုင်များ အပါအဝင် ဆိုင်ခန်းပေါင်း ၁၁ ခန်းနှင့် လူနေအိမ် ၂ လုံး မီးလောင်ဆုံးရှုံးခဲ့သည်။
အဆိုပါမီးလောင်မှုကို မီးငြှိမ်းသတ်ယာဥ် ၁ စီး၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာဒေသခံများဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီတွင် မီးငြိမ်းခဲ့ကြောင်းသိရသည်။
မိုင်းခေါင်ရွာစျေးတန်းကို မိုင်းခေါင်ရွာနှင့်အနီးရှိကျေးရွာ ၁၀ ရွာခန့်တွင် နေထိုင်သော ဒေသခံများက မှီခိုကာဝယ်ယူနေရသော စျေးဖြစ်ပြီး ဒေသခံများကလည်း ဒေသထွက်ကုန်များ ရောင်းဝယ်ဖောက်ကားနေသော စျေးတစ်ခုလည်းဖြစ်ကြောင်း သိရသည်။