October 19, 2024

၁၈. ၁၁. ၂၀၂၃
Written by Treasure

နိုဝင်ဘာ ၁၆ ရက်နေ့က ဂျပန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ဒုတိယအဆင့်ခြေစစ်ပွဲမှာ မြန်မာအသင်း ဝတ်ဆင်ကစားခဲ့တဲ့ Player Version ဂျာစီအသစ်ကို မြန်မာကျပ်ငွေ ၁၃၀၀၀၀ ကျပ်နဲ့ စတင်ရောင်းချပေးနေပြီ ဖြစ်တယ်လို့ ဂျာစီကို ထုတ်လုပ်ခဲ့တဲ့ Warrix Myanmar ကနေ ထုတ်ပြန်ခဲ့ပါတယ်။

ထိုင်းနိုင်ငံ အခြေစိုက် အားကစားဂျာစီလုပ်ငန်းဖြစ်တဲ့ Warrix Myanmar က မြန်မာ့လက်ရွေးစင်ဂျာစီအသစ်ကို အဖြူရောင်၊ အနီရောင်၊ အပြာရောင်ထုတ်လုပ်ထားပြီး မြန်မာ့လက်ရွေးစင်အသင်းရဲ့ ရွှေခေတ်ကာလကို ဖော်ကျူးတဲ့ သင်္ကေတတွေကို ထည့်သွင်းဖန်တီးထားသလို ဂျာစီ Size ၅ မျိုးရရှိနိုင်မှာဖြစ်ပြီးတော့ ရန်ကုန်မြို့မှာ Olympic Sport Collection ၊ La Paye Sports Wear၊ M21 Sports Collection ၊ Sports Lovers တို့မှာ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် မန္တလေးမြို့မှာ The Light Futsal မှာ ဝယ်ယူနိုင်မှာဖြစ်ပြီး မုံရွာမြို့မှာတော့ Kyaw Sports Collection မှာ ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-18_15-49-39.jpg

Warrix Myanmar က ထုတ်လုပ်ထားတဲ့ ကျပ် တစ်သိန်းသုံးသောင်းတန် မြန်မာ့လက်ရွေးစင်အသင်းရဲ့ Player Version ဂျာစီအသစ်ဟာ မြန်မာ့ဘောလုံးချစ်ပရိသတ်တွေကြားမှာ စိတ်ဝင်စားမှု မြင့်တက်နေပေမယ့် ဂျာစီရဲ့ တန်ဖိုးနဲ့ ပက်သက်ပြီး ဝေဖန်မှုတချို့ရှိနေပါတယ်။

“အပြာရောင်လေး ကြိုက်ပေမဲ့ မြန်မာနိုင်ငံအသင်းရဲ့ အင်္ကျီက မြန်မာနိုင်ငံက အခြေခံလူတန်းစားတွေ အနားမကပ်နိုင်တဲ့ဈေးနှုန်း။ နောက်ထက် ၁၅၀၀၀၀ ပေါင်းရင် ကမ္ဘာ့အဆင့်ရှိတဲ့ မန်ချက်စတာက အသင်းသားတွေ လက်မှတ် ထိုးတဲ့ အင်္ကျီ ရနေပြီ။ အသင်းရဲ့ ရလဒ်သာ နိုင်ငံတကာ အဆင့်မမှီတာ” လို့ Warrix Myanmar Page အောက်မှာ ရဲကျော်ကျော် အကောင့်ပိုင်ရှင်က ဝေဖန်ထားပါတယ်။

This image has an empty alt attribute; its file name is photo_2023-11-18_15-49-44.jpg

ဒါ့အပြင် ပိုင်မြတ်တံခွန်အကောင့်ပိုင်ရှင်ကလည်း “၀တ်ချင်ပေမဲ့ ဈေးနဲ့တင် လက်တွန့်သွားပြီဗျာ။ မျှော်နေတာကြာပြီ။ ဈေးကအဆင်မပြေဘူး။ ကျွန်တော်တို့အတွက်က ဈေးများတယ်ပဲပြောရမှာပေါ့” လို့ ဝေဖန်ထားသလို မျိုးမင်းဦးအကောင့်ပိုင်ရှင်ကလည်း “များတယ်ပဲ ပြောရမှာပဲဗျာ။ ငေးကြည့်ရုံပေါ့။ ၄၊ ၅သောင်း ဆိုရင်တောင် မျက်စိမှိတ်ဝယ်နေ ဝယ်ဦးမှာ။ အခုတော့ ဝေးဝေးကပဲ လွမ်းမယ်”လို့ ဝေဖန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *