October 19, 2024

၁၈.၁၁.၂၀၂၃.
Translated by Htwe Ko Tun

အရှေ့အလယ်ပိုင်းဒေသအတွင်း ကာလကြာရှည်ဖြစ်ပွားနေခဲ့သော ပါလက်စတိုင်းပြဿနာနှင့်ပတ်သက်၍ ရှောင်လွဲမရသော တစ်ခုတည်းသော ဖြေရှင်းချက်နည်းလမ်းမှာ သီးခြားနိုင်ငံများအဖြစ် နိုင်ငံနှစ်နိုင်ငံအဖြစ်တည်ရှိမှုကို အသိအမှတ်ပြုလျက် ပါလက်စတိုင်းတို့က အရှေ့ဂျေရုစလမ်ကို ၎င်းတို့နိုင်ငံ၏ မြို့တော်အဖြစ် ရရှိနိုင်ရန်ဖြစ်ကြောင်း တူရကီသမ္မတ တေရစ် အာဒိုဂန်က နိုဝင်ဘာ ၁၇ ရက်က ပြောကြားခဲ့သည်။

တူရကီသမ္မတ အာဒိုဂန်က ဘာလင်မြို့တွင် ဂျာမနီနိုင်ငံဝန်ကြီးချုပ် အိုလတ်ဖ် စခိုးလ်နှင့်အတူ သတင်းစာရှင်းပွဲတစ်ရပ်ပြုခဲ့ရာ၌ ၁၉၆၇ ခုနှစ် နယ်နိမိတ်များနှင့်အညီ နှစ်နိုင်ငံတည်ထောင်မှုဖြေရှင်းချက်ဖြင့်သာ ပါလက်စတိုင်းပြဿနာကို ဖြေရှင်းရန်နည်းလမ်းရှိကြောင်း ပြောခဲ့ခြင်းဖြစ်သည်။

အစ္စရေးအစိုးရကလည်း ၎င်းတို့မြို့တော်ကို ဂျေရုစလမ်မြို့သို့ ပြောင်းရွှေ့သတ်မှတ်ထားပြီး ၁၉၆၇ ခုနှစ် အာရပ်-အစ္စရေး ခြောက်ရက်ကြာစစ်ပွဲပြီးနောက်တွင် အရှေ့ဂျေရုစလမ်ကိုပါ ၎င်းတို့၏ပိုင်နက်အဖြစ် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ယခုအခါ အာရပ်-အစ္စရေးတို့အကြား ဆက်ဆံရေးများပြေလည်လာမှုကြောင့် အာရပ်နိုင်ငံများဘက်ကလည်း အစ္စရေးနိုင်ငံတည်ရှိမှုကို အသိအမှတ်ပြုလာနိုင်ကြသော်လည်း အရှေ့ဂျေရုစလင်အား ပါလက်စတိုင်းတို့ထံ အစ္စရေးက ပြန်အပ်နိုင်မည်လော၊ အနောက်ဘက်ကမ်းဒေသနှင့် အရှေ့ဂျေရုစလမ်ရှိ ဂျူး လူနေအခြေစိုက်ရပ်ကွက်များနှင့်ပတ်သက်၍ နှစ်ဖက်မည်သို့ဖြေရှင်းမည်နည်း၊ ဂါဇာကမ်းမြောင်ဒေသနှင့်ပတ်သက်၍ မည်သို့အရေးယူဆောင်ရွက်မည်နည်း။ ဂိုလန်ကုန်းမြင့်ပေါ်ရှိ ဂျူး လူနေအခြေစိုက် ရပ်ကွက်များနှင့်ပတ်သက်၍ မည်သို့သဘောထားကြမည်နည်း စသည့် အဓိကဖြေရှင်းရမည့် ပြဿနာများအပြင် အခြားအခက်အခဲများစွာရှိနိုင်ကြောင်း သိရသည်။

Ref—–Tass

Leave a Reply

Your email address will not be published. Required fields are marked *