October 22, 2024

NYDC စတင်ဖွဲ့စည်းစဥ်က ဦးဖြိုးမင်းသိန်း၊ ဦးသိမ်းဝေနှင့် အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ်ကျခံနေရသော NYDC ဥက္ကဋ္ဌဖြစ်ခဲ့သူ ဒေါ်နီလာကျော်အပါအဝင် တာဝန်ရှိသူ တချို့ကို NYDC ဆွေးနွေးပွဲတွင် တွေ့ရစဥ်

MT News

Written by Tha Doe

NLD အစိုးရဟောင်းလက်ထက် ဝေဖန်ခံရမှုများစွာဖြင့် ရပ်တန့်ခဲ့သည့် ရန်ကုန်မြို့သစ်စီမံကိန်း၏ အဓိက တာဝန်ရှိသူတစ်ဦးဖြစ်သော NYDC (New Yangon Development Company) ၏ CEO ဖြစ်သူ FMI ဦးသိမ်းဝေ (ခ)Mr. Serge Pun မှာ SAC က ချီးမြှင့်သည့် သီရိပျံချီ ဘွဲ့ကို နိုဝင်ဘာ ၁၉ ရက်နေ့တွင် ရရှိခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဟောင်းအဖြစ်မှ NLD ဥက္ကဋ္ဌနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်ကို လာဘ်ပေးရကြောင်းနှင့် ဒေါ်အောင်ဆန်းစုကြည် လာဘ်စားကြောင်း ဝန်ခံချက်ထွက်ဆိုကာ SAC ၏ တရားလိုပြသက်သေ (ဖော်ကောင်) နိုင်ငံတော်သက်သေခံအဖြစ် လုပ်ဆောင်သွားသော NLD ဝန်ကြီးချုပ်ဟောင်း ဦးဖြိုးမင်းသိန်း ဖွဲ့စည်းခဲ့သည့် NYDC တွင် CEO အဖြစ် တာဝန်ယူခဲ့သူ FMI ဦးသိမ်းဝေအား SAC က သီရိပျံချီဘွဲ့ ချီးမြှင့်သည်ဟု ယခုညတွင် ကြေညာခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့သစ်စီမံကိန်းဖော်ဆောင်ရန် နိုင်ငံတော်ဘဏ္ဍာ ကျပ် ၁၀ ဘီလျံ(ထိုကာလက ဒေါ်လာ ၇ သန်းခန့်) ကို လွှတ်တော်သို့ အသိပေးမှုမရှိဘဲ တည်ထောင်ခဲ့သည့် NYDC ကုမ္ပဏီ၏ ငွေကြေးအသုံးပြုမှုများနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းလွှတ်တော်တွင် မေးခွန်းထုတ်မှုများ ရှိခဲ့သလို တရုတ်က လက်ဝါးကြီးအုပ်သွားမည်ဟူသည့် ဝေဖန်မှုများ ကြုံခဲ့ရပြီး NLD သမ္မတဟောင်း ဦးဝင်းမြင့်ကလည်း ရန်ကုန်မြို့သစ်စီမံကိန်းကို အမှန်တကယ်လိုအပ်မှလုပ်ဆောင်ရန် ဝေဖန်ပြီးနောက် ၂၀၁၉ ခုနှစ်အတွင်း ထိုစီမံကိန်းအား ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြရကာ စီမံကိန်းရပ်တန့်သွားခဲ့သည်။

ထို့နောက် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် တရုတ်သမ္မတခရီးစဥ်အတွင်း ရန်ကုန်မြို့သစ်အကောင်အထည်ဖော်ရေးဆိုင်ရာ စီမံကိန်းဆိုင်ရာ စာလွှာလဲလှယ်ခဲ့သော်လည်း အကောင်အထည်ဖော်နိုင်မှုနှင့် စီမံကိန်းဆက်လက်လုပ်​ဆောင်နိုင်မှု အားနည်းခဲ့သကဲ့သို့ နိုင်ငံရေးဖြစ်စဥ်များကြောင့် NLD အစိုးရဖွဲ့စည်းခဲ့သည့် ယခင် NYDC မှ တာဝန်ရှိသူများ၏ ဆောင်ရွက်ချက်များနှင့် ငွေသုံးစွဲမှုများ ပြည်သူများ သိရှိခွင့်မရတော့ချေ။ သို့သော် NYDC တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ ဝန်ကြီးဟောင်း ဒေါ်နီလာကျော်အပါအဝင် တာဝန်ရှိသူအချို့မှာ အဂတိ လိုက်စားမှုများဖြင့် ထိန်းသိမ်း အရေးယူခံထားရပြီး ထိုသူများအရေးယူခံနေရချိန်တွင် ဦးသိမ်းဝေ (ခ) Serge Pun မှာ SAC က ချီးမြှင့်သည့် သီရိပျံချီဘွဲ့ ရရှိခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *