October 19, 2024

တိုက်ခိုက်မှုများအတွင်း ကျန်းမာရေးဝန်ထမ်း အနည်းဆုံး ၈၈၀ ဦး ဖမ်းဆီးခံခဲ့ရကာ ၉၇ ဦးသေဆုံးပြီး ၁၁၇ ဦး ဒဏ်ရာရ

၁၈. ၁၁. ၂၀၂၃
Written by Nay Aung

မြန်မာနိုင်ငံတွင် အာဏာအငြင်းပွားမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတည်းက ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၅ ရက်အထိ ကျန်းမာရေးနှင့်ပတ်သက်ပြီး ဆေးရုံ၊ အဆောက်အဦ၊ ဆေးပေးခန်းများတိုက်ခိုက်ခံရမှု အနည်းဆုံး ၁၀၈၇ ကြိမ် တိုက်ခိုက်ခံခဲ့ရကြောင်း Insecurity Insight အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

Insecurity Insight အဖွဲ့၏ ထုတ်ပြန်ချက်အရ အဆိုပါတိုက်ခိုက်မှုများအတွင်း ကျန်းမာရေးဝန်ထမ်း အနည်းဆုံး ၈၈၀ ဦး ဖမ်းဆီးခံခဲ့ရကာ ၉၇ ဦးသေဆုံးပြီး ၁၁၇ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။ ကျန်းမာရေးနှင့်ပတ်သက်သော အဆောက်အဦ၊ ဆေးခန်းများ တိုက်ခိုက်ခံရခြင်းသည် ကျန်းမာရေးနှင့်ပတ်သက်ပြီး ပြုစုကုသရန် လိုအပ်နေသူများအတွက် ထိရောက်သောကုသမှုများလုပ်ဆောင်ရန် သက်ရောက်မှုများဖြစ်လာစေခဲ့ကြောင်း သိရသည်။

နိုင်ငံတကာ လူအခွင့်အရေးဥပဒေများထဲတွင် ကျန်းမာရေးဝန်ထမ်းများနှင့် ကျန်းမာရေးအဆောက်အဦများကို မတိုက်ခိုက်ဘဲကာကွယ်ပေးရန် သတ်မှတ်ထားသော်လည်းတိုက်ခိုက်ခံရမှုများရှိနေဆဲဖြစ်ရာ ကျူးလွန်သူများအနေဖြင့် တာဝန်ယူခြင်း၊ တာဝန်ခံခြင်းရှိရမည်ဖြစ်ကြောင်း Insecurity Insight အဖွဲ့က ပြောသည်။

This image has an empty alt attribute; its file name is photo_2023-11-18_14-47-17.jpg

Tropical Health and Education Trust (THET)အဖွဲ့မှ မြန်မာနိုင်ငံဆိုင်ရာတာဝန်ရှိသူတစ်ဦးဖြစ်သော ဒေါက်တာတင်လှိုင်က ” မြန်မာနိုင်ငံမှာ အာဏာအငြင်းပွားမှုဖြစ်ပွားခဲ့ပြီနောက်ပိုင်း ကျွန်တော်ဟာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ဒေသတွေရှိ ကျန်မာရေးဝန်ထမ်းတွေနဲ့ ပုံမှန်ဆက်သွယ်ဖြစ်တယ်။ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေဟာ စစ်ရေးပစ်မှတ်တွေမဖြစ်သင့်ဘူး”ဟု ပြောသည်။

ထို့အပြင် Safeguarding Health in Conflict Coalition (SHCC)အဖွဲ့ကလည်း မြန်မာနိုင်ငံတွင် ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ အောက်တိုဘာ ၃၁ ရက်နေ့အထိ ကျန်းမာရေးစောင့်ရှောက်မှုနှင့်ပတ်သက်ပြီး တိုက်ခိုက်ခံရမှု ၃၂၀ ကြိမ်ဖြစ်ပွားခဲ့ရာ ပြီးခဲ့သော ၂၀၂၂ ခုနှစ်အတွင်း တိုက်ခိုက်ခံရမှုအကြိမ်အရေအတွက်ထက်များနေကြောင်း ဖော်ပြထားသည်။

Insecurity Insight ဒါရိုက်တာတစ်ဦးဖြစ်သည့် ခရစ်တီနားဝိုင်လီက ” တိုက်ခိုက်မှုဖြစ်ပွားခြင်းတစ်ခုစီရဲ့နောက်ကွယ်မှာ အဲဒီကျန်းမာရေးဝန်ထမ်းတွေနဲ့ သူတို့အပေါ် မှီခိုနေတဲ့သူတွေရဲ့ ရှင်သန်နေထိုင်မှုနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာသက်ရောက်မှုဖြစ်စေတယ်။ မြန်မာနိုင်ငံမှာကျန်းမာရေးဝန်ထမ်းတွေနဲ့ ကျန်းမာရေးအဆောက်အဦတွေ တိုက်ခိုက်ခံရတဲ့ သမိုင်းမှတ်တိုင်ဟာ ဝမ်းနည်းစရာပါ” ဟု ပြောသည်။

မြန်မာနိုင်ငံတွင်ကျန်းမာရေးအဆောက်အဦများ၊ ဆေးပေးခန်းများ တိုက်ခိုက်ခံရမှုအများဆုံးဒေသသည် စစ်ကိုင်းတိုင်းဒေသကြီးဖြစ်နေပြီး မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးများတွင်လည်း တိုက်ခိုက်ခံရမှုမြင့်နေဆဲဖြစ်ကြောင်း သိရသည်။

Ref; reliefweb

Leave a Reply

Your email address will not be published. Required fields are marked *