October 19, 2024

၁၈. ၁၁. ၂၀၂၃
Written by Ye Kyaw

အောက်တိုဘာလကုန်ပိုင်းမှစ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အဝယ်လိုက်လာ၍ ဈေးနှုန်းမြင့်တက်ခဲ့သည့် ပြည်တွင်း ကြက်သွန်နီဈေးနှုန်း ရခိုင်ပြည်နယ်အတွင်း အခြေအနေများကြာင့် မဝယ်ယူတော့သဖြင့် ဈေးနှုန်းအနည်းငယ် ပြန်လည်ကျဆင်းလာခဲ့ကြောင်း ပြည်တွင်းကြက်သွန်ကုန်စည်ဒိုင်များမှ သိရသည်။

“ဘင်္ဂလားဒေ့ရှ်က ကြက်သွန်ဝယ်တာ အဲဒါသိချင်ရင်တော့ မဝယ်ဘူးဗျ။ အစ်ကိုတို့လည်း လမ်းကြောင်းတွေ ကြားနေမှာပဲလေ။ အဲဒီဘက်ကို အခုမဝယ်ပါဘူးဗျ” ဟု မုံရွာမြို့ရှိ ကြက်သွန်ပွဲရုံမှ တာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလကုန်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကြန်သွန်နီ ဝယ်ယူမှုမြင့်တက်ခဲ့ပြီး ရက်ပိုင်းအတွင်း ကုန်ကားအစီးရေ ၁၀၀ ခန့် ကုန်ပိဿာချိန် ၁၀ သိန်းခန့်အထိ တင်ပို့နိုင်ခဲ့ခြင်းကြောင့် ပြည်တွင်း၌ ကြက်သွန်နီများ ဈေးကောင်းရရှိခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် သီတင်ကျွတ်ရုံးပိတ်ရက်မတိုင်မီ အောက်တိုဘာ ၂၇ ရက်အထိ ပြည်တွင်း ကြက်သွန်နီ အမျိုးအစားများ၏ တစ်ပိဿာဈေးနှုန်းမှာ ဆိပ်ဖြူ(ရှယ်) ၃၂၅၀ ကျပ်၊ ဆိပ်ဖြူ လတ်ကြီး ၂၉၀၀ ကျပ်၊ ဆိပ်ဖြူ လတ်သန့် ၂၇၅၀ ကျပ်၊ ဆိပ်ဖြူ လတ်ချော ၁၉၀၀ ကျပ်၊ မြင်းခြံ (ကံဆင့်) ရှယ် ၃၄၀၀ ကျပ်၊ မြင်းခြံ လတ်ချော၊ လတ်သန့်၊ လတ်ကြီးများမှာ ၂၂၀၀ ကျပ်မှ ၃၀၅၀ ကျပ်ကြားသာရှိခဲ့ကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဝယ်ယူမှုမြင့်တက်လာခဲ့ခြင်းကြောင့် နိုဝင်ဘာ ၂ ရက်တွင် ပြည်တွင်း ကြက်သွန်နီဈေးနှုန်း ဆိပ်ဖြူ(ရှယ်) ၃၈၀၀ ကျပ်၊ ဆိပ်ဖြူ လတ်ကြီး ၃၇၀၀ ကျပ်၊ ဆိပ်ဖြူ လတ်သန့် ၃၅၀၀ ကျပ်၊ ဆိပ်ဖြူ လတ်ချော ၂၆၀၀ ကျပ်၊ မြင်းခြံ (ကံဆင့်) ရှယ် ၄၁၀၀ ကျပ်၊ မြင်းခြံ လတ်ချော၊ လတ်သန့်၊ လတ်ကြီးများမှာ ၃၁၀၀ ကျပ်မှ ၃၉၀၀ ကျပ်ကြားအထိ မြင့်တက်ခဲ့ပြီး ကြက်သွန်နီအမျိုးအစားအလိုက် တစ်ပိဿာကို ကျပ် ၅၅၀ မှ ကျပ် ၉၀၀ ဝန်းကျင်အထိမြင့်တက်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ဝယ်ယူမှုမရှိတော့ခြင်းကြောင့် ဆိပ်ဖြူ(ရှယ်) ၃၆၀၀ ကျပ်၊ ဆိပ်ဖြူ လတ်ကြီး ၃၅၀၀ ကျပ်၊ ဆိပ်ဖြူ လတ်သန့် ၃၁၀၀ ကျပ်၊ ဆိပ်ဖြူ လတ်ချော ၂၅၀၀ ကျပ်သာရှိသဖြင့် ကြက်သွန်နီအမျိုးအစားအလိုက် တစ်ပိဿာကို ကျပ် ၂၀၀ ဝန်းကျင် ပြန်လည်ကျဆင်းလာခဲ့သည်။ လက်ရှိတွင် တောင်သာဘက်မှ ထွက်ရှိသည့် ကြက်သွန်နီအမျိုးအစားများလည်း ဈေးကွက်အတွင်း ဝင်ရောက်လျက်ရှိပြီး အမျိုးအစားအလိုက် တစ်ပိဿာ ကျပ် ၂၀၀၀ မှ ကျပ် ၃၁၀၀ ကြားတွင်ရှိကြောင်း သိရသည်။

နိုဝင်ဘာနှင့် ဒီဇင်ဘာလများအတွင်း ပြည်တွင်း၌ စိုက်ပျိုးထားသည့် မိုးကြက်သွန်အသစ်များ ပေါ်လာမည်ဖြစ်ပြီး အဆိုပါကာလများအတွင်း ဝယ်လိုအားနှင့် ရောင်းလိုအား ပြန်လည်မျှတလာမည်ဆိုပါက ထပ်မံကျဆင်းလာနိုင်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *