October 20, 2024

၁၈. ၁၁. ၂၀၂၃
Translated by Htwe Ko Tun

အမေရိကန်ပြည်ထောင်စု၊ နယူးဟမ်ရှိုင်းယားပြည်နယ် စိတ်ရောဂါကုဆေးရုံတွင် ဒေသစံတော်ချိန် နိုဝင်ဘာ ၁၇ ရက်၊ မွန်းလွဲ ၃ နာရီခွဲခန့်က ပစ်ခတ်မှုတစ်ခုအတွင်း ဆေးရုံ၏ လုံခြုံရေးအစောင့်တစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ရပြီး မသင်္ကာဖွယ်သေနတ်သမားကိုလည်း ဆေးရုံတွင်တာဝန်ချထားသော ပြည်နယ်ရဲတပ်ဖွဲ့ဝင်တစ်ဦးက အသေပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖြစ်ရပ်က နယူးဟမ်ရှိုင်းယားပြည်နယ်အတွင်း ကွန်ကော့ဒ်မြို့ရှိ စိတ်ရောဂါကုဆေးရုံတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆေးရုံရှိလူနာများမှာမူ ထိခိုက်မှုမရှိကြောင်း သိရသည်။ အသက် ၆၃ နှစ်ရှိ ဘရက်လီ ဟားစ် အမည်ရှိ လုံခြုံရေးတစ်ဦးမှာ ဆေးရုံ၏ဧည့်ခန်းမကြီးအဝင်ဝတွင် စတင်ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။ ဟားစ်က အနီးရှိ ဖရန့်ကလင်းမြို့တွင် ရဲအရာရှိတစ်ဦးအဖြစ်တာဝန်ထမ်းခဲ့သူလည်းဖြစ်ကာ နယူးဟမ်ရှိုင်းယား ပြည်နယ်၊ လုံခြုံရေးအရာရှိဌာနတွင် ဆက်လက်အမှုထမ်းခဲ့သည်။

အာဏာပိုင်များက သေဆုံးသွားသောသေနတ်သမား၏ အသေးစိတ်အချက်အလက်များကို မထုတ်ပြန်ခဲ့ဘဲဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်းသာပြောကြားခဲ့သည်။ ပစ်ခတ်မှုဖြစ်ပွားအပြီး ဆေးရုံ၏ ကားရပ်နားရန်နေရာဝင်းအတွင်း U-Haul ကားတစ်စီးရပ်နားထားသည်ကို အာဏာပိုင်များက တွေ့ခဲ့ကြပြီး စက်ရုပ်ဖြင့် ကားအားစစ်ဆေးရှင်းလင်းမှုလုပ်ခဲ့ကြောင်း သိရသည်။

စိတ်ရောဂါကုဆေးရုံအား ခေတ္တပိတ်ထားမှုပြုခဲ့သော်လည်း လူနာများနှင့် ဝန်ထမ်းများအတွက်မူ ပံ့ပိုးမှု များပြုလုပ်ပေးနေကြောင်း၊ နိုဝင်ဘာ ၁၈ ရက်နံနက်ပိုင်းတွင်ပစ်ခတ်မှုနှင့်ပတ်သက်၍ သတင်းအချက်အလက်များပိုမို ထုတ်ပေးရန်စီစဉ်နေကြောင်း တာဝန်ရှိသူများကပြောခဲ့ကြသည်။

Ref—-CNN

Leave a Reply

Your email address will not be published. Required fields are marked *