October 20, 2024

တိုက်ပွဲကြားပိတ်မိမည်စိုး၍ HIV လူနာများ ဆေးလာမထုတ်တော့သလို ဆေးဘက်ဆိုင်ရာအဆောက်အအုံများအကာအကွယ်ပေးရမည်ဆိုသည့်အချက်ကိုပါ လက်နက်ကိုင်များ ကျုးလွန်နေ

MT News
၁၈. ၁၁. ၂၀၂၃

ပန်ဆိုင်းဆေးရုံ ဒရုန်းထိမှန်ခဲ့သလို ဖားကန့်ဆေးရုံတွင်လည်း ပစ်ခတ်မှုဖြစ်၍ လူနာတစ်ဦးဒဏ်ရာရခဲ့သည့်အပြင် တိုက်ပွဲများကြားပိတ်မိမည်စိုး၍ HIV လူနာများ ဆေးလာမထုတ်တော့၍ ဆေးယဥ်ပါးမည့်အခြေအနေတွေ့ကြုံနေရပြီး လက်ရှိတိုက်ပွဲများကြား ဆေးဘက်ဆိုင်ရာအဆောက်အအုံများအကာအကွယ်ပေးရမည်ဆိုသည့်အချက်ကိုပါ လက်နက်ကိုင်များ ဖောက်ဖျက် ကျုးလွန်နေဟု နယ်စည်းမထားဆရာဝန်များအဖွဲ့(MSF) က ယနေ့ထုတ်ပြန်သည်။

နယ်စည်းမထားဆရာဝန်များအဖွဲ့ ထုတ်ပြန်မှုအရ မြန် မာနိုင်ငံတဝှမ်းတွင် ပဋိပက္ခများ အရှိန်မြင့်လာချိန်၌ ဆေးဘက်ဆိုင်ရာအဆောက်အဦများ၊ လူနာများနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများကို အထိအခိုက် မရှိစေရန် ကာကွယ်ပေးရမည်ဟု ယနေ့ ထုတ်ပြန်တောင်းဆိုလာခြင်းဖြစ်ပြီး အရှိန်မြင့်လာသည့် ပဋိပက္ခများအတွင်း ပိတ်မိနေသည့် လူထု၏ အခြေအနေအတွက် နယ်စည်းမထားဆရာဝန်များအဖွဲ့မှ များစွာ စိုးရိမ်လျက်ရှိသည်။ အထူးသဖြင့် MSF လုပ်ငန်းဆောင်ရွက်လျက်ရှိပြီး တိုက်ရိုက်ထိခိုက်မှုများကို မျက်မြင်တွေ့ ရှိရသည့် ရှမ်း၊ ကချင်နှင့် ရခိုင်ပြည်နယ်တို့တွင် ဖြစ်သည်။

This image has an empty alt attribute; its file name is photo_2023-11-18_11-39-23-1024x683.jpg

ယမန်နေ့(နိုဝင်ဘာ ၁၇ ရက်) က ပန်ဆိုင်းဆေးရုံကို ဒရုန်းတိုက်ခတ်မှုထိမှန်ခဲ့ကြောင်း ရှမ်းပြည်နယ်ရှိ MSF အဖွဲ့မှ သတင်းရရှိခဲ့သော်လည်း အောက်တိုဘာလကုန်ပိုင်း၌ ပဋိပက္ခများ အရှိန်မြင့်လာချိန်တွင် ဆေးရုံလုပ်ငန်း ဆက်လက် မလည်ပတ်တော့ခြင်းကြောင့် ကံကောင်းထောက်မစွာဖြင့် ထိခိုက်သူမရှိခဲ့ဟုလည်း ဖော်ပြထားသည်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UNOCHA-Myanmar) ၏ မှတ်တမ်းများအရ တိုက်ပွဲများဖြစ်ပွားသည့်အချိန်မှစတင်ကာ ရှမ်းပြည်နယ်အတွင်း လူပေါင်း ၆၀,၀၀၀ ကျော် နေရပ်ရွှေ့ပြောင်းခဲ့ရပြီး အများစုမှာ လူသားချင်းစာနာမှုအထောက်အပံ့များရရှိမှု အလုံးစုံ ပြတ်တောက်သွားခဲ့ရသည်။

MSFက ဒေသဆိုင်ရာကျန်းမာရေးဝန်ထမ်းများ၊ အခြားသော လူသားချင်းစာနာထောက်ထားမှုအဖွဲ့များနှင့် အတူ ပူးပေါင်းကာ ဒေသအချို့တွင် ဝန်ဆောင်မှုပေးနိုင်ခဲ့သော်လည်း ဆက်လက်ဖြစ်ပွားနေဆဲ တိုက်ပွဲများနှင့် ပိတ်ဆို့မှုများကြောင့် အမှန်တကယ်အကူအညီလိုအပ်နေသည့် လူထု၏ ရာခိုင်နှုန်း တချို့တစ်ဝက်ထံသို့သာ အကူအညီများ ရောက်ရှိနိုင်ခဲ့သည်။

This image has an empty alt attribute; its file name is photo_2023-11-18_11-39-27-1024x576.jpg

ရှမ်းပြည်နယ်ရှိအခြားဒေသများမှ တိုက်ပွဲရှောင်လာကြသည့် လူထုသည် ယခုအခါ ဆေးကုသမှုကို အကန့်အသတ်ဖြင့်သာ လက်လှမ်းမီသည့်လူထုအတွက် MSF က တီဘီနှင့် အသက်ကယ် HIV ဝန်ဆောင်မှု ပေးအပ်လျက်ရှိသော ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးသို့ ရွှေ့ပြောင်းလာကြသည်။ MSF က လက်လှမ်းမီ သွားရောက်နိုင်သည့်ဒေသများသို့ ရွှေ့ပြောင်းလာကြသည့် အဆိုပါလူထု၏ အရေးပေါ်လိုအပ်ချက်များကို စစ်တမ်းကောက်ယူခဲ့ပြီး အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ စားနပ်ရိက္ခာမဟုတ်သည့်အခြားပစ္စည်းများ၊ တကိုယ်ရည်သန့်ရှင်းရေးပစ္စည်းများ ပေးအပ်ခဲ့သည်။ အမျိုးသမီးများနှင့် ကလေးငယ်များအတွက်လည်း စိတ်ကျန်းမာရေး (စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုမှု၊ ဆေးဘက်ဆိုင်ရာဆွေးနွေးကုသမှုတို့ကို ဆောင်ရွက်ပေးခဲ့သည်။

MSF ၏ ဆေးခန်းများတွင် ခုခံကျကာလသားရောဂါအတွက် ဆေးထုတ်ယူရန် ပုံမှန် လာရောက်တွေ့ဆုံရာတွင် ပျက်ကွက်မှုများ မြင့်တက်လာသည်ကိုလည်း MSF က တွေ့ရှိခဲ့သည်။ ထိုသို့ပျက်ကွက်ပါက လူနာများအနေဖြင့် အသက်ကယ်ဆေးဝါး မရရှိသော ကြောင့် ကျန်းမာရေးထိခိုက်နိုင်ခြင်း၊ ဆေးယဉ်ပါးမှုဖြစ်စေနိုင်ခြင်းနှင့် အခြားသော အခွင့်အရေးယူဝင်ရောက်သည့် ကူးစက်ရောဂါများ ဖြစ်ပွားလွယ်ခြင်းတို့ ဖြစ်လာစေနိုင်သည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့်နိုဝင်ဘာလအတွင်း အပစ်အခတ်ရပ်ဆဲမှု ပျက်ပြယ်ပြီး ပဋိပက္ခများ ပြန်လည် ဖြစ်ပွားခြင်းကြောင့် အပတ်စဉ် လူနာပေါင်း ၁,၅၀၀ ခန့်ကို ကုသမှုပေးနေသည့် MSF ၏ ပုံမှန်ရွေ့လျားဆေးခန်းများ ရပ်နားထားခဲ့ရသည်။

This image has an empty alt attribute; its file name is photo_2023-11-18_11-39-31.jpg

လက်ရှိ ပဋိပက္ခဖြစ်ပွားနေဆဲဖြစ်သော MSF ဆေးခန်းဖွင့်လှစ်ရာဒေသများတွင် လမ်းပိတ်ဆို့မှုနှင့် အလုံးစုံ သွားလာမှုပိတ်ဆို့ခြင်းများကြောင့် MSF က အလွန် အမင်းနာမကျန်းဖြစ်နေသည့် လူနာများအတွက် အရေးပေါ် လွှဲပြောင်းညွှန်းပို့မှုများ ဆောင်ရွက်နိုင်ခြင်းမရှိတော့ပါ။ ဤအဖြစ်အပျက်များဖြစ်ပွားချိန်သည် ရခိုင်ပြည်နယ်တွင် အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်ပြီး (၆)လမျှသာ ရှိသေးသည်။ ရခိုင်လူထုမှာ ဆိုင်ကလုန်းကြောင့် ထိခိုက်မှုများမှ ကြိုးစားရုန်းထွက်နေရဆဲကာလ ဖြစ်သည်။

ကချင်ပြည်နယ်တွင် ပြီးခဲ့သည့်ရက်သတ္တပတ်အနည်း ငယ်ခန့်က ပြင်းထန်စွာဖြစ်ပွားခဲ့သည့် တိုက်ပွဲများ အရှိန် လျော့ကျသွားသောကြောင့် လိင်နှင့်မျိုးဆက်ပွားကျန်းမာရေးစောင့်ရှောက်မှု၊ HIV နှင့် တီဘီကုသမှုတို့ ရယူရန် ဆေးခန်းသို့ ပြန်လည်ရောက်ရှိလာကြသည့် လူနာများ ပြောပြချက်အရ ၎င်းတို့သည် လမ်းခရီးတွင် တိုက်ပွဲကြားပိတ်မိမည် စိုးရိမ်ခြင်း၊ လေကြောင်းတိုက်ခိုက်မှုများနှင့် ဗုံးကြဲခြင်းများကြုံရမည်ကို ကြောက်ရွံ့ခြင်းကြောင့် ဆေးခန်းသို့ မလာရဲကြောင်း သိရသည်။

စက်တင်ဘာ ၂၅ ရက်နေ့တွင် MSF အဖွဲ့သား ၄ ဦးပါဝင်သည့်အဖွဲ့က ဒေသဆိုင်ရာကျန်းမာရေးဝန်ထမ်းများထံ လွှဲပြောင်းပေးလိုက်သည့် HIV လူနာများကို အကူအညီပေးနိုင်ရန် နေရာတစ်ခု ပြင်ဆင်ရေး အတွက် ကချင်ပြည်နယ်ရှိ ဖားကန့်ပြည်သူ့ဆေးရုံသို့ သွားရောက်ခဲ့ချိန်၌ လက်နက်ကိုင်များက ဆေးရုံဝင်း ပြင်ပတွင် စတင်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပြီး ဆေးရုံအတွင်းဝင်ရောက်လာမှုကြောင့် လူနာတစ်ဦး ပြင်းထန်စွာ ထိခိုက်ခဲ့သည်။

ထိုအခြေအနေတွင် လက်နက်ကိုင်များက ဆေးဘက်ဆိုင်ရာအဆောက်အဦများကို အကာအကွယ်ပေးရမည်ဟူသော အချက်အား လက်သင့်မခံနိုင်ဖွယ်ရာ ဖောက်ဖျက်နေမှုများကို MSF က တွေ့မြင်ရသည်။ နိုင်ငံနှင့်အဝှမ်း ဆေးဘက်ဆိုင်ရာနှင့် လူသားချင်း စာနာထောက်ထားမှု လိုအပ်ချက်များမြင့်တက်နေချိန်တွင် ပဋိပက္ခများအတွင်း လူနာများနှင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ၏ ဘေးအန္တရာယ်ကင်းရှင်းရေး၊ နှစ်ဖက်တိုက်ပွဲအတွင်း ပိတ်မိနေပြီး အသက်ကယ်ဝန်ဆောင်မှုများ မရရှိသော လူထုထံသို့ ဘေးကင်းစွာနှင့် အနှောက်အယှက်မရှိ လက်လှမ်းမီသွားရောက်နိုင်ရေးတို့ကို သေချာစွာ ခွင့်ပြုပေးရန် ပဋိပက္ခတွင် ပါဝင်နေသည့် အဖွဲ့အစည်းများအားလုံးကို ပန်ကြားအပ်ပါသည်ဟု MSF ၏ ထုတ်ပြန်တောင်းဆိုမှုတွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *