◾ ဆရာ၊ ဆရာမများကို သတ်ဖြတ်သည့် ကယားလက်နက်ကိုင်များ၏ လုပ်ရပ်မှာ စစ်ရာဇဝတ်မှုကျုးလွန်ခြင်းဖြစ်ပြီး ဂျီနီဗာကွန်ဗန်းရှင်းနှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကိုပါ ချိုးဖောက်ရာရောက်
MT News
၁၇. ၁၁. ၂၀၂၃
လွိုင်ကော်တက္ကသိုလ်ကို တိုက်ခိုက်ပြီးနောက် ဆရာ၊ ဆရာမများ၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူ ၂၀၀ ခန့် အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့မှု အမြန်ဆုံး ပြန်လွှတ်ရန် SAC အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ ထုတ်ပြန်လိုက်သည်။
KNPP အဖွဲ့နှင့် PDF အဖွဲ့များသည် နိုဝင်ဘာ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် စစ်ရေးနှင့်သက်ဆိုင်သောပစ်မှတ်မဟုတ်သည့် ကယားပြည်နယ်၊ လွိုင်ကော်တက္ကသိုလ်အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရည်ရွယ် ချက်ရှိရှိ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တက္ကသိုလ်တွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေ သည့် လုံခြုံရေးအဖွဲ့များကိုလည်း သာလွန်အင်အားများဖြင့် အလစ်အငိုက် ဝင်ရောက်တိုက်ခိုက် စီးနင်းခဲ့သည်။
KNPP အဖွဲ့နှင့် PDF အဖွဲ့များအနေဖြင့် တက္ကသိုလ်အတွင်းသို့ ရောက်ရှိစီးနင်းပြီးနောက် ပညာရေးဆိုင်ရာအဆောက်အဦများအား ဖျက်ဆီးခြင်းများပြုလုပ်ကာ တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ပါမောက္ခချုပ်အပါအဝင် ဆရာ၊ ဆရာမများ၊ ပညာရေးဆိုင်ရာဝန်ထမ်းများနှင့် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား အတင်းအဓမ္မ ဖမ်းဆီးချုပ်နှောင်ထားရှိကြောင်း သိရှိရသဖြင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ထိခိုက်ဒဏ်ရာရရှိမှုမရှိစေရေး၊ ဘေးကင်းလုံခြုံမှုရှိစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အချိန်မီကယ်ထုတ်နိုင်ရေး လိုအပ်သည်များ ဆောင်ရွက်ခဲ့ရသည်။
ထိုသို့ ဆောင်ရွက်ခဲ့သော်လည်း KNPP အဖွဲ့နှင့် PDF များအနေဖြင့် ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများကို လူသားတံတိုင်းအနေဖြင့် အကာအကွယ်ပြုတိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ပညာရေးဆိုင်ရာဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများ မလိုလားအပ်ဘဲ ထိခိုက်ဒဏ်ရာရရှိမှုမရှိစေရေး ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ခဲ့ရသောကြောင့် အချို့ကိုသာ ပြန်လည်ကယ်ထုတ်နိုင်ခဲ့ပြီး ပါမောက္ခချုပ်အပါအဝင် ဆရာ၊ ဆရာမများ၊ ပညာရေး ဆိုင်ရာဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူအချို့တို့သည် KNPP အဖွဲ့နှင့် PDF အဖွဲ့များ၏ အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံခဲ့ရသည်။ ထို့ပြင် KNPP အဖွဲ့နှင့် PDF အဖွဲ့များအနေဖြင့် ဆရာ၊ ဆရာမ အချို့ကိုလည်း ရက်စက်စွာ သတ်ဖြတ်ထားရှိခဲ့ကြောင်း သိရှိရသည်။
KNPP အဖွဲ့နှင့် PDF အဖွဲ့များ၏ ယခုလုပ်ရပ်သည် စစ်ရေးနှင့်သက်ဆိုင်သော ပစ်မှတ်မဟုတ်ဘဲ နိုင်ငံအတွက်အရေးကြီးသည့် ပညာရေးဆိုင်ရာ အဆောက်အဦများကို အကာအကွယ်ရယူပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း၊ ဆရာ၊ ဆရာမများ၊ ပညာရေးဆိုင်ရာ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများကို အသက်အန္တရာယ်ဇုံမှ ကင်းလွတ်အောင် ထွက်ခွာခွင့်ပြုရမည့်အစား အတင်းအဓမ္မဖမ်းဆီးချုပ်နှောင်၍ လူသားတံတိုင်းအဖြစ် အသုံးချခဲ့ခြင်း၊ ပညာရေးဆိုင်ရာဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူ အင်အား ရာဂဏန်းမျှရှိသည့် တက္ကသိုလ်ကို ရည်ရွယ်ချက်ရှိစွာဖြင့် ဦးတည် တိုက်ခိုက်ခဲ့ခြင်း၊ ပညာရေးဆိုင်ရာအဆောက်အဦများကို ဖျက်ဆီးခြင်း၊ အကာအကွယ် ရယူ တိုက်ခိုက်ခြင်းဖြစ်၍ ဂျီနီဗာကွန်ဗန်းရှင်း (၄) ရပ်၏ ဘုံအာတီကယ် (၃) နှင့် နောက် ဆက်တွဲစာချုပ် (၁)၏ အာတီကယ်(၅၂) တို့အရ စစ်ရာဇဝတ်မှု (War Crime) ကျူးလွန်ရာရောက်ပြီး ၎င်းအခြေခံသဘောတရားများသည် အပြည်ပြည်ဆိုင်ရာ ဓလေ့ထုံးတမ်းဥပဒေသဘောလည်း သက်ဝင်လျက်ရှိသည်။ ထို့အပြင် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်တွင် ကုလသမဂ္ဂလုံခြုံရေး ကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံတို့သည် စာသင်ကျောင်းများ၊ ကလေးသူငယ်များနှင့် ဆရာ၊ ဆရာမ များအပေါ် ပစ်မှတ်ထားတိုက်ခိုက်ခြင်းအား ရှုတ်ချပြီး ပဋိပက္ခတွင် ပါဝင်သူများအနေဖြင့် ပညာသင်ကြားခွင့် အခွင့်အရေးကို အကာအကွယ်ပေးရန် တိုက်တွန်းသည့် ဆုံးဖြတ်ချက်အမှတ် ၂၆၀၁ (၂၀၂၁)အား တညီတညွတ်တည်း ချမှတ်ခဲ့ကြပြီးဖြစ်၍ KNPP အဖွဲ့နှင့် PDF အဖွဲ့များ၏ ယခုလုပ်ရပ်သည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၂၆၀၁(၂၀၂၁) UN Security Council Resolution 2601(2021) – the protection of Education in armed conflict ကိုလည်း ချိုးဖောက်ရာ ရောက်သည်။
ဒီမိုကရေစီနိုင်ငံတော်အဖြစ် တည်ဆောက်ပုံဖော်ရာတွင် မရှိမဖြစ်လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်ကောင်းများကို မွေးထုတ်ပေးနေသည့် ဆရာ၊ ဆရာမများ၊ ပညာရေးဆိုင်ရာဝန်ထမ်းများနှင့် နိုင်ငံတော်၏အနာဂတ်ကို ပုံဖော်ကြမည့် ကျောင်းသား၊ ကျောင်းသူများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် နိုင်ငံတော်၏ အနာဂတ်ကို နှောင့်ယှက် ဖျက်ဆီးတိုက်ခိုက်ခြင်းပင်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက် ကိုမျှ အကျိုးမရှိစေဘဲ တိုင်းပြည်၏ အနာဂတ်ကို ပျက်စီးစေလိုသည့်၊ အသိဉာဏ် ကင်းမဲ့သည့် လူမဆန်သောလုပ်ရပ်ပင်ဖြစ်သည်။ အလားတူ ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်ကြောင့် နိုဝင်ဘာ ၁၃ ရက်တွင် အဆိုပါတက္ကသိုလ်၌ စတင်ဖြေဆိုမည့် အဝေးသင်တက္ကသိုလ် တတိယအသုတ်စာမေးပွဲများကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့ရသဖြင့် ကျောင်းသား၊ ကျောင်းသူများအတွက် ထိခိုက်နစ်နာမှုများစွာကို ဖြစ်ပေါ် စေခဲ့သည်။
သို့ဖြစ်ပါ၍ KNPP အဖွဲ့နှင့် PDF အဖွဲ့များအနေဖြင့် စစ်ရေးနှင့် လုံးဝသက်ဆိုင်ခြင်း မရှိသည့် တက္ကသိုလ် ဆရာ၊ ဆရာမများ၊ ပညာရေးဆိုင်ရာ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိသားစုဝင်များကို အတင်း အဓမ္မဖမ်းဆီးချုပ်နှောင်ထားခြင်းမှ ထိခိုက်မှု မရှိစေဘဲ အမြန်ဆုံး ပြန်လွှတ်ပေးသွား ရန် လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
KNDF အပါအဝင် ကယားလက်နက်ကိုင်များက လွိုင်ကော်တက္ကသိုလ်ကို ဝင်စီးနင်းပြီးနောက် နိုင်ငံ့၀န်ထမ်း ၁၃၄ ဦးနှင့် ၎င်းတို့၏မိသားစု၀င် ၆၄ ဦးကို ဖမ်းဆီးထားသည်ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)က နိုဝင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ထားပြီး KNDF လက်နက်ကိုင်တချို့က ဖမ်းဆီးခံ နိုင်ငံ့ဝန်ထမ်း ၁၉၈ ဦးကို သ-တ်ဖြ-တ်ရန် လှုံ့ဆော်နေသည်။