၁၇. ၁၁. ၂၀၂၃
Written by Ye Kyaw
အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နှင့် ဥပရောပနိုင်ငံများမှ မြန်မာ့ဆန်ကို ဝယ်ယူရန်နှင့် ဝယ်ယူလိုကြောင်း ကမ်းလှမ်းထားသောကြောင့် တင်ပို့နိုင်မည့်အခြေအနေနှင့် ပြည်တွင်းဈေးကွက် တည်ငြိမ်မှုတို့ကို ချိန်ဆပြီး ဆန်များတင်ပို့နိုင်ငံရေး ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။
“Export ရဲ့ အဓိကရာသီကတော့ စပါပြီ။ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီပေါ့။ ဒီခြောက်လလောက်က Export ရာသီဖြစ်ပါတယ်။ ဒီဘက်ပိုင်းမှာတော့ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနဲ့ ဥရောပနိုင်ငံတွေက ဝယ်ယူမှုနဲ့ ဝယ်ယူလိုတဲ့ တန်ချိန်တွေများပါတယ်။ ဒါလေးတွေကို ဒီဘက်က တင်ပို့နိုင်မယ့် အခြေအနေနဲ့ ချိန်ဆပြီးတော့ ပြည်တွင်းဈေးကွက်လည်း တည်ငြိမ်အောင်၊ ပြည်ပတင်ပို့နိုင်အောင်လည်း ဆောင်ရွက်နိုင်အောင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေနဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဲ့ ပူးပေါင်းပြီးတော့ စီစဉ်ဆောင်ရွက်နေတယ်” ဟု ဦးရဲမင်းအောင်က ပြောသည်။
မြန်မာနိုင်ငံတွင် နှစ်စဉ်ဆန်တန်ချိန် ၁၄ သန်းအထိ ထွက်ရှိပြီး ပြည်တွင်းစားသုံးမှုအနေဖြင့် ဆန်တန်ချိန် ၁၁ သန်းဝန်းကျင်သာရှိသည့်အတွက် ဆန်တန်ချိန် ၃ သန်းဝန်းကျင် ပိုလျှံနေခြင်းဖြစ်ကြောင်းနှင့် ပြည်ပသို့ နှစ်စဉ် ဆန်တန်ချိန် ၂ သန်းခွဲဝန်းကျင်သာ တင်ပို့လျက်ရှိကြောင်း သိရသည်။
ပြည်တွင်း အဓိကစားသုံးသည့် ဆန်အမျိုးအစားမှာ ပေါ်ဆန်းအုပ်စု၊ အထူးဧည့်မထဆန်အုပ်ဖြစ်သည့် ဧရာမင်း၊ မဂျမ်းတော၊ ဧရာပဒေသာတို့ကို စားသုံးမှုများပြီး ပြည်ပတင်ပို့နေသည့် ဆန်အမျိုးစားများမှာ ဆန်ကြမ်းအုပ်စုဖြစ်သည့် ငစိန်၊ ကရင်မ၊ သုခ၊ ထွန်းပုတို့ကိုသာ တင်ပို့နေခြင်းဖြစ်ကြောင်း ဦးရဲမင်းအောင်က ပြောသည်။
“ပြည်တွင်းစားသုံးတဲ့ ဆန်အုပ်စုနဲ့ ပြည်ပတင်ပို့တဲ့ ဆန်အုပ်စုတွေကိုလည်း စနစ်တကျ စိုက်ပျိုးထုတ်လုပ်ပြီး တင်ပို့ရောင်းချတဲ့ လုပ်ငန်းတွေ လုပ်ပါတယ်” ဟု ဦးရဲမင်းအောင်က ပြောသည်။
ဆန်တင်ပို့မှုလျော့ကျနေသဖြင့် အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာ သုံးလအတွင်း တစ်လလျှင် ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ သိန်း တင်ပို့နိုင်ရန် ဆောင်ရွက်နေသော်လည်း ပြီးခဲ့သည့် အောက်တိုဘာလအတွင်း တန်ချိန် တစ်သိန်းနှစ်သောင်းနီးပါးသာ တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် ၂ သန်းခွဲ တင်ပို့နိုင်ရန် မျှော်မှန်းထားသော်လည်း လက်ရှိဘဏ္ဍာနှစ် ခုနစ်လအတွင်း ပြည်ပသို့ ဆန်နှင့်ဆန်ကွဲတန်ချိန် တန်ချိန် ၅၈၃,၆၈၃ တန်တင်ပို့မှုမှ ဝင်ငွေဒေါ်လာ ၂၇၁ သန်းသာ ရရှိထားခြင်းဖြစ်သည်။