၁၇. ၁၁. ၂၀၂၃
Written By Thandar
ထိုင်းနိုင်ငံမှာ ကျင်းပပြုလုပ်နေတဲ့ Mister Global 2023 ပြိုင်ပွဲကြီးမှာ National Costume ကို သုဓနုမင်းသားရဲ့ဝတ်စုံနဲ့ Mister Global Myanmar 2023 ရဲသွေးသီဟ ဝင်ရောက်ယှဥ်ပြိုင်မယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့ National Costume အတွက် ညပိုင်းက ရောက်ရောက်ချင်းမှာ ရိုက်ကူးရေးတွေ လုပ်ခဲ့ရတယ်။ ဒီအတွက်လည်း အားပေးကြပါဦးနော်။ တခြားနိုင်ငံက Mister တွေရဲ့ အရပ်တွေက တော်တော်လေးကို ရှည်တယ်။ ကျွန်တော့်အရပ်ကတောင် နည်းနည်း ပုသလို ခံစားရတယ်။ ကျွန်တော်တို့ရဲ့ အားနည်းချက်က သိပ်ပြီးတော့ Instagram အသုံးမပြုတာလည်း ပါတယ်။ Instagram မှာကတော့ ကျွန်တော်က Like အနည်းဆုံးဖြစ်နေတယ်။ ခုကျွန်တော်ရဲ့ Instagram Link တွေ ချပေးထားပါတယ်။ ပုံလေးတွေ တက်လာရင်လည်း Like , Share ပေးကြပါဦးနော် ”လို့ မြန်မာကိုယ်စားပြု Mister Global Myanmar 2023 Winner ဆုရှင် ရဲသွေးသီဟက ပြောပါတယ်။
ဒီဝတ်စုံမှာ ရှေးမြန်မာ နန်းတွင်းခေတ် မင်းညီမင်းသားတစ်ပါးရဲ့အသွင်အပြင်ကို ထင်ရှားပေါ်လွင်အောင် မြန်မာ့သမိုင်းရာဇဝင်များစွာထဲကမှ ပင်းတယမြို့ဒေသရဲ့ထင်ရှားတဲ့ရာဇဝင်တစ်ခုဖြစ်တဲ့ “သုဓနု “ မင်းသားရဲ့ လေးအတတ်ပညာမှာ တစ်ဖက်ကမ်းခက် ထူးချွန်တတ်မြောက်ဟန်ကို အခြေခံပီး လေးနဲ့မြှား အတတ်ပညာကို မင်းသားတစ်ပါးရဲ့ ခမ်းနားထည်ဝါမှုတို့နဲ့အတူ ပေါင်းစပ်ဖန်တီးချုပ်လုပ်ပုံဖော်ထားပါတယ်။ဘုရင်မင်းညီမင်းသားတို့ ဆင်မြန်းတဲ့တန်ဆာတွေအဖြစ် ရွှေကျောက်မြတ်ရတနာတို့ကိုလည်း ထည့်သွင်း ပုံဖော်ထားပြီး အားမာန်အပြည့်နဲ့ ခန့်ညားထည်ဝါနေတဲ့ လေးသည်တော် မင်းသားတစ်ပါးအသွင် ဒီဇိုင်နာ T Shine Htet က ပုံဖော်ဖန်တီး ချုပ်လုပ်ပေးထားပါတယ်။
ဒီနေ့ နိုဝင်ဘာ ၁၇ ရက်နေ့ကနေ နိုဝင်ဘာ ၂၆ ရက်နေ့ထိ ထိုင်းနိုင်ငံ Mahasarakham မှာ ကျင်းပမယ့် Mister Global 2023 ပြိုင်ပွဲကြီးမှာ ထိုင်း ၊ ဗီယက်နမ် ၊ အင်ဒိုနီးရှား ၊ ဖိလစ်ပိုင် ၊ ကမ္ဘောဒီးယား ၊ လာအို ၊ စင် ကာပူ ၊ ကိုရီးယား ၊ ကနေဒါ ၊ အိန္ဒိယ စတဲ့ နိုင်ငံတွေက အလှမောင်တွေနဲ့အတူ မြန်မာနိုင်ငံ ကိုယ်စားပြု အလှမောင် ရဲသွေးသီဟက ဝင်ရောက်ယှဥ်ပြိုင်နေပြီ ဖြစ်ပါတယ်။