၁၇. ၁၁. ၂၀၂၃
Translated by Htwe Ko Tun
ကုလသမဂ္ဂ၊ စားနပ်ရိက္ခာအစီအစဉ် (WFP) က ဂါဇာကမ်းမြောင်ဒေသတွင် ကြီးမားသောအစားအစာ ပြတ်လပ်မှုနှင့်ရင်ဆိုင်နေရပြီး အစာရေစာငတ်မွတ်မှု ကျယ်ပြန့်လာနေကာ ဒေသတွင်းရှိ ပါလက်စတိုင်းပြည်သူအားလုံးနီးပါးမှာ ဆိုးရွားသော အစားအစာအထောက်အပံ့ လိုအပ်မှုအခြေအနေသို့ ရောက်ရှိနေကြောင်း နိုဝင်ဘာ ၁၆ ရက်က သတိပေးပြောကြားခဲ့သည်။
WFP ၏ကြေညာချက်တွင် အမှုဆောင်ညွှန်ကြားရေးမှူး စင်ဒီ မက်ကိန်းက ရေနင့်အစားအသောက် အထောက်အပံ့များမှာ ဂါဇာဒေသအတွင်း လက်ရှိတွင် မရှိသလောက်ဖြစ်ကာ ပြည်သူများအနေဖြင့် အစာရေစာပြတ်လပ်မှု ကပ်ဘေးကြီးနှင့် ရင်ဆိုင်ရဖွယ်ရှိနေကြောင်းလည်း ပြောကြားခဲ့သည်။
ဆောင်းရာသီက လျင်မြန်စွာရောက်ရှိလာနေချိန်တွင် လုံခြုံမှုမရှိဘဲ လူအားဖြင့်ပြွတ်သိပ်နေသည့် ယာယီတဲများ၊ သန့်ရှင်းသောရေမရရှိခြင်း စသည့်အခြေအနေဆိုးများနှင့်အတူ ဂါဇာဒေသနေ အရပ်သား ပြည်သူများအဖို့ အစာရေစာငတ်မွတ် ခေါင်းပါးမှုကို ရင်ဆိုင်ရဖွယ်ရှိနေကြောင်းလည်း ၎င်းကပြောခဲ့သည်။
ထို့ပြင် WFP က ဂါဇာဒေသအတွင်း ယခုအခါ ပေါင်မုန့်ဆိုလျှင် အလွန်ရှားပါးသော(သို့မဟုတ်)လုံးဝမတွေ့ရနိုင်သော အစားအစာတစ်မျိုးဖြစ်လာရာ နယ်စပ်ဂိတ်မှထောက်ပံ့မှုက ဒေသအတွင်း အစာရေစာ လိုအပ်မှုကိုဖြည့်ဆည်းပေးနိုင်ရန်မှာ မဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် ဂါဇာသို့အစာရေစာထောက်ပံ့နိုင်ရန် လုံခြုံစိတ်ချမှုရှိသောလမ်းကြောင်းတစ်ခုကို ဖွင့်ပေးနိုင်ရမည်ဖြစ်ကြောင်းလည်း ပြောခဲ့သည်။
ဒေသအတွင်း လောင်စာဆီပြတ်လပ်မှုက အစာရေစာများဖြန့်ဝေမှုကိုလည်း ဟန့်တားသကဲ့သို့ဖြစ်နေကြောင်း၊ နိုဝင်ဘာ ၁၄ ရက်တွင် အီဂျစ်မှရောက်ရှိလာသော အစားအစာများသယ်ဆောင်လာသည့် ထရပ်ကားများဆိုလျှင် ဆီမလုံလောက်မှုကြောင့် အရပ်သားများထံ ပို့ဆောင်မပေးနိုင်ခဲ့ကြောင်းပြောခဲ့သည်။ ဂါဇာသို့ရောက်ရှိလာသည့် အစားအစာများကလည်း ဒေသခံပြည်သူများအတွက် ဆိုးရွားစွာပင် ပြည့်စုံလုံလောက်မှုမရှိကြောင်းတွေ့ရရာ လူတစ်ယောက်တစ်နေ့လိုအပ်သည့် ကယ်လိုရီပမာဏ၏ ၇ ရာခိုင်နှုန်းခန့်သာရှိမည်ဖြစ်ကြောင်း ပြောခဲ့သည်။
Ref——–AFP