MT News
၁၇. ၁၁.၂၀၂၃
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပတ်ကုန်းဝန်းကျင်ရပ်ကွက်၊ လမ်း ၃၀၊ ၇၂×၇၃ လမ်းကြားမှာ ဖွင့်လှစ်ထားတဲ့ “အောင်”ရွှေဆိုင်ကို ဒီနေ့ မနက်ပိုင်းမှာ အမျိုးသား ၃ ဦးက သေနတ်ပစ်ဖောက်ပြီး ဓားပြတိုက်လုယက်မှု ဖြစ်ပွားခဲ့တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။
“ဆိုင် ဓားပြတိုက်ခိုက်ခံလိုက်ရပြီ။ ရင်တွေလည်း ကွဲပါပြီ။ သေနတ်တွေလည်း ပစ်။ လူမထိတာဘဲ ကံကောင်းရ။ ပစ္စည်းတွေပါသွားပြီ။ လုပ်ရပ်ကြတယ် လူတွေ” လို့ ဆိုင်ပိုင်ရှင်အမျိုးသမီးငယ်က လူမှုကွန်ရက်မှာရေးသားထားပါတယ်။
ဖြစ်စဥ်ဟာ ဒီနေ့မနက် ၁၀ နာရီ ၄၀ ခန့်မှာ”အောင်”ရွှေဆိုင် အရှေ့ကို Mark 2 အဖြူရောင်ယာဥ် ရပ်နားပြီး အင်္ကျီနဲ့ဘောင်းဘီရှည် အနက်ရောင် ဝတ်ဆင်ထားတဲ့ အမျိုးသား ၃ ဦးက သေနတ်အတို ၂ လက်ကိုင်ဆောင်ပြီး သေနတ် ၂ ချက် ပစ်ဖောက်၊ အသင့်ပါလာတဲ့ ဆိတ်ချိုတူနဲ့ ရွှေဆိုင် ကောင်တာ ၅ လုံး ရိုက်ခွဲပြီး ကောင်တာအတွင်းက စိန်လက်စွပ် ၁၈၀ကွင်း (ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၁၈၀၀ )၊ရွှေဆွဲသီး ၁၅ ပဲရည် ၁၀၅ ခု(ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၅၂၅ သိန်း၊ ရွှေလက်ကောက် ၉၃ ကွင်း(ခန့်မှန်းတန်ဖိုး ကျပ်သိန်း ၇၄၀ )၊ ပလက်တီနမ်ဆွဲသီး အလုံး ၄၀(ခန့်မှန်းတန်ဖိုး သိန်း ၃၀၀) ၊ ရွှေဆွဲကြိုး ၁၄ ပဲရည် ၁၁၅ ကုံး(၃၀ ကျပ်သားခန့် – ခန့်မှန်းတန်ဖိုး သိန်း ၈၀၀ )၊ ဒင်္ဂါးလက်ကောက် ၁၄ ပဲရည် ၁၁၄ ကွင်း(၂၈ ကျပ်သားခန့်-ခန့်မှန်းတန်ဖိုး သိန်း ၉၅၀)၊ပလက်တီနမ်ဆွဲကြိုး ၂၈ ကုံး(ခန့်မှန်းတန်ဖိုး သိန်း ၂၀၀)၊စိန်းနားကပ် ၄ ရံ(ခန့်မှန်းတန်ဖိုး ၄၅ သိန်း)၊ ရွှေကလစ် အချောင်း ၆၀(ခန့်မှန်းတန်ဖိုး သိန်း ၂၀၀ ခန့်)၊ ရွှေဟန်းချိန်း ၂၅၀(ခန့်မှန်းတန်ဖိုး သိန်း ၂၀၀၀)၊ ၁၅ ပဲရည် လက်စွပ် ၇၅၀ (ခန့်မှန်းတန်ဖိုး သိန်း ၁၅၀၀ )၊ ၁၅ ပဲရည် နားကပ် ၄၆၅ ရံ(ခန့်မှန်းတန်ဖိုး သိန်း ၃၀၀၀)၊ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေ သိန်းပေါင်း ၁၁၃၁၀ ခန့်လုယက်သွားခဲ့ကြောင်း တယ်လို့ သိရပါတယ်။
“သူတို့ ကြိုတင်စီစဉ်ထားတာပါ။ ကားနဲ့လာတာ။ မိနစ်ပိုင်းတွင်းကို အကုန်ယူသွားတာ။ သေနတ်နဲ့ လူနဲ့ ဘယ်လိုမှ မမျှဘူးရှင့်” လို့လည်း ဆိုင်ပိုင်ရှင်အမျိုးသမီးငယ်က ဆက်လက်ရေးသားထားပါတယ်။
ဒီဖြစ်စဥ်မှာ လုယက်သူသုံးဦးစီးလာတဲ့ ကားနံပါတ်ကိုမှတ်သားမိသူတွေရှိပြီး ကားနံပါတ်က အတုဖြစ်ဖွယ်ရှိပေမဲ့ လက်ရှိအချိန်မှာ အမျိုးအစားတူ Mark 2 အဖြူရောင်ယာဥ်နဲ့ မသင်္ကာသူတွေကို ပိတ်ဆို့ရှာဖွေနေတယ်လို့လည်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက MT News ကို ပြောပါတယ်။