October 22, 2024

SAC ဥက္ကဋ္ဌအား လာရောက်တွေ့ဆုံနေသော အာဆီယံအထူးကိုယ်စားလှယ်အဖွဲ့ကို တွေ့ရစဥ်

၂၁. ၁၁. ၂၀၂၂
Written by Phyo Wei

NLD အစိုးရဟောင်းလက်ထက်မှာ ဖြစ်ပွားခဲ့တဲ့ ဘင်္ဂါလီအရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာအခင်းအကျင်းမှာ မျက်နှာပျက်လို့ မရဘူးလို့ NUG ယာယီသမ္မတဒူဝါလရှီးလက ပြောလာတဲ့ ဒီရက်သတ္တပတ်မှာဆိုရင် မြန်မာ့မြို့ ၃၃၀ ထဲမှာ SAC နဲ့ NUG- PDF တွေ အပြင်းအထန်တိုက်ပွဲဖြစ်ပွားတဲ့မြို့နယ်က ၉ ခုပဲရှိပြီး PDF စိုးမိုးနယ်မြေက ၁၉ ခုသာရှိတယ်လို့ SAC-M(Special Advisory Council-Myanmar) ကလည်း စစ်တမ်းထုတ်လာခဲ့ပြန်ပါတယ်။

တစ်ဖက်မှာလည်း SAC ရော NUG ဟာ ဒီတိုက်ပွဲမှာ သူတို့ပဲနိုင်မယ်လို့ ကိုယ်စီထင်မြင်နေခဲ့ကြတဲ့အကြောင်း အာဆီယံအထူးကိုယ်စားလှယ်ကပဲ အစီရင်ခံခဲ့တဲ့ ဒီရက်သတ္တပတ်မှာ ထူးခြားတဲ့နိုင်ငံရေးဖြစ်စဉ်တွေ များပြားခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒီလိုမျိုး ထူးခြားတဲ့ နိုင်ငံရေးသတင်းတွေ များပြားနေတဲ့ ဒီရက်သတ္တပတ်မှာ MT News အနေနဲ့ အကျဉ်းသားလွှတ်ပေးတာကို အာဆီယံမူငါးချက်လိုက်နာတယ်ဆိုပြီး ကြိုဆိုတဲ့ Prak Sokhonn ရဲ့ ထုတ်ပြန်ချက်အကြောင်း၊ SAC ချီးမြှင့်တဲ့ ဘွဲ့ထူးဂုဏ်ထူးတွေရလာတဲ့ NLD အစိုးရဟောင်းအဖွဲ့ဝင်တွေနဲ့ Electronic Voting နဲ့ မဲပေးနိုင်ဖို့ရှိတဲ့ ၂၀၂၃ PR ရွေးကောက်ပွဲတွေရဲ့ အကြောင်းကို ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ် ဖော်ပြချင်ပါတယ်။

အကျဉ်းသားလွှတ်ပေးတာကို အာဆီယံမူငါးချက်လိုက်နာတယ်ဆိုပြီး ကြိုဆိုတဲ့ Prak Sokhonn

NLD ဝန်ကြီးဟောင်းဦးကျော်တင့်ဆွေအပါအဝင် အကျဥ်းသား ၆၀၀၀ ခန့် လွှတ်ပေးတာကို ကြိုဆိုတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

NLD ဝန်ကြီးဟောင်း ဦးကျော်တင့်ဆွေ၊ အဂတိလိုက်စားမှုနဲ့ ထောင်ကျခံနေရတဲ့ ဝန်ကြီးချုပ်ဟောင်းဒေါက်တာလဲ့လဲ့မော်၊ ၈၈ မျိုးဆက်က ကိုမြအေး၊ NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်၊ NLD CEC ဦးသိန်းဦး၊ NLD ဥပဒေအကြံပေး ဦးကျော်ဟိုး၊ မောင်သာချို၊ ရွှေညဝါဆရာတော်၊ ဗြိတိန်သံအမတ်ကြီးဟောင်းဗစ်ကီဘိုးမန်းနဲ့ ခင်ပွန်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးပါမောက္ခ Sean Turnell၊ ဂျပန်သတင်းထောက်နဲ့ ဒါရိုက်တာ တိုရူကူဘိုတာ၊ အမေရိကန်နိုင်ငံသား ဦးကျော်ဌေးဦးအပါအဝင် လူများစွာလွတ်မြောက်လာမှုကို ကြိုဆိုတယ်လို့ ထုတ်ပြန်ထားပြီး SAC က ဒီလို လွှတ်ပေးခြင်းဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက် မူဘောင်ငါးချက်က ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရေး လမ်းစတခုအဖြစ် သတ်မှတ်တယ်လို့လည်း Prak Sokhonn က အသိအမှတ်ပြုပါတယ်။

ဒါ့အပြင် အာဆီယံ ဘုံသဘောတူညီချက်တွေက အကြမ်းဖက်မှုအဆုံးသတ်ရေး၊ လူသားချင်းစာနာမှုအကူအညီပေးရေး၊ အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပေါ်ပေါက်ပြီး ယုံကြည်မှုတည်ဆောက်ရေး စတဲ့ တိုးတက်မှုတွေ ရှိလာနိုင်ကြောင်းလည်း ဖော်ပြခဲ့သလို မြန်မာနိုင်ငံတည်ငြိမ်ရေးနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး တွန်းအားပေးဖို့ မကြာခင် သီတင်းပတ်အတွင်း မြန်မာနိုင်ငံဆီကို တတိယအကြိမ် လာရောက်မယ်လို့လည်း Prak Sokhonn ရဲ့ ထုတ်ပြန်ချက်ကို ဖော်ပြထားပါတယ်။

တကယ်တော့ အာဆီယံရဲ့ မူငါးချက်ကို အနှစ်ချုပ်မယ်ဆိုရင် ဒီမူငါးချက်ရဲ့ ဆိုလိုရင်းဟာ ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ပြီး ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းပေးဖို့ကိုပဲ ပြောထားတာပါ။ ဒါ့အပြင် ပြီးခဲ့တဲ့ အကြိမ် ၄၀ မြောက်နဲ့ ၄၁ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှာ မူငါးချက် ပြန်သုံးသပ်တော့လည်း မြန်မာနိုင်ငံက လက်နက်ကိုင်အားလုံးဟာ အကြမ်းဖက်မှုတွေကို တန်းတူလုပ်နေကြတယ်ဆိုတာ သိရှိတဲ့သဘောမျိုးပဲ ရေးသားပြီး ဒီအကြမ်းဖက်မှုတွေကို လုပ်နေသူအားလုံးဟာ တရားမျှတတဲ့ တာဝန်ခံမှုရှိဖို့နဲ့ ရှုတ်ချဖို့ဆိုတာမျိုးတောင်းဆိုသွားသလို အာဆီယံကလည်း ကြားကနေပဲ ပျော့ပြောင်းစွာဆက်နေမယ် ကြေညာသွားတာပါ။ NLD နဲ့ NUG က တောင်းဆိုသလိုမျိုး ၂၀၂၃ ရွေးကောက်ပွဲကို လက်မခံဘူးဆိုတဲ့အချက် တစ်စွန်းတစ်စတောင်ပါလာတာ မတွေ့ရပါဘူး။

SAC ချီးမြှင့်တဲ့ ဘွဲ့ထူးဂုဏ်ထူးတွေရလာတဲ့ NLD အစိုးရဟောင်းအဖွဲ့ဝင်တွေ

ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်အပါအဝင် NLD ထိပ်ပိုင်းခေါင်းဆောင်တချို့ မဲမသမာမှုတွေ၊ အဂတိလိုက်စားမှုတွေနဲ့ ထောင်ဒဏ်ကျခံနေရချိန်မှာ ပြန်ကြားရေးဝန်ကြီးဟောင်း ဒေါက်တာဖေမြင့်၊ ဒေါက်တာအောင်သူ၊ ဦးသန့်စင်မောင် စတဲ့ NLD အစိုးရအဖွဲ့ဝင်ဟောင်းတွေကတော့ SAC ချီးမြှင့်တဲ့ သီရိပျံချီဘွဲ့တွေ သိမ်းပိုက်ရရှိနေပါတယ်။

ဒါ့အပြင် ဦးတီခွန်မြတ်၊ ဦးမော်သန်း၊ ဒေါက်တာဝင်းသိန်း၊ ဦးဟန်ဇော်၊ ဦးဟန်ဇော်၊ ဦးနိုင်သက်လွင်၊ ဒေါက်တာသန်းမြင့်၊ ဦးအေးသာအောင်၊ ဦးအောင်လှထွန်း စတဲ့ NLD အစိုးရဟောင်းမှာပါဝင်ခဲ့တဲ့ ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ၊ အစိုးရအဖွဲ့ဝင်တွေကို ဖြုတ်ချခံရတဲ့ အစိုးရအဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့သူဆိုတာမျိုးထက် သူတို့ရရှိခဲ့တဲ့ ဝန်ကြီး၊ ဒုဝန်ကြီး၊ နိုင်ငံတော်အဆင့်ရာထူးတွေနဲ့ ဆက်လက်အသိအမှတ်ပြု ဘွဲ့ထူးဂုဏ်ထူးတွေ ချီးမြှင့်ခဲ့တာကို တွေ့ရပါတယ်။ သီရိပျံချီဘွဲ့ချီးမြှင့်ရာမှာဆိုရင် NLD အစိုးရအဖွဲ့ဝင်၊ ပြည်ထောင်စုအဆင့်တာဝန်ထမ်းခဲ့သူ ၁၂ ဦးအထိ ရရှိခဲ့ပြီး ၀ဏ္ဏကျော်ထင်ဘွဲ့မှာဆိုရင်လည်း ၁၂ ဦးအထိ ဘွဲ့ချီးမြှင့်ခံခဲ့ရတာ တွေ့ရပါတယ်။

အဲဒီအတွက်လည်း SAC ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက “သူတို့အစိုးရဟာ ဘယ်အစိုးရလက်ထက်မှာ တာဝန်ထမ်းဆောင်ခဲ့တာ၊ ဘယ်ပါတီဝင်ဖြစ်ခဲ့တာ၊ ဘယ်သူ့လူဆိုတာ အရေးမကြီးဘဲ တိုင်းပြည်အတွက် နိုင်ငံအတွက် ဘယ်လောက်တာဝန်ထမ်းဆောင်ခဲ့တယ်ဆိုတဲ့ အရည်အချင်းကိုပဲ အဓိက ကြည့်ရှုတယ်”လို ပြောခဲ့တာကိုလည်း တွေ့ရပါတယ်။ သေချာတာကတော့ သီရိပျံချီဘွဲ့ရသူတွေ၊ ၀ဏ္ဏကျော်ထင်ဘွဲ့ရသူတွေဟာ မဲမသမာမှု၊ အဂတိလိုက်စားမှုတွေနဲ့ ထောင်ကျခံနေတဲ့ NLD အစိုးရအဖွဲ့ဝင်ဟောင်းတွေထက်တော့ ရိုးသားခဲ့တယ်လို့ ရှုမြင်ခံကြရတော့မှာဖြစ်ပါတယ်။

Electronic Voting နဲ့ မဲပေးနိုင်ဖို့ရှိတဲ့ PR ရွေးကောက်ပွဲ

၂၀၂၃ PR ရွေးကောက်ပွဲဟာ Closed List PR ​နဲ့ ရွေးကောက်ပွဲဖြစ်လာပါလိမ့်မယ်။ ဘာကြောင့် Closed List PR ဖြစ်လာပြီး တခြား PR တွေ မဖြစ်ရတာလဲလို့ မေးရင် ၂၀၂၃ ရွေးကောက်ပွဲအတွက် ဘယ်လို PR နဲ့ သွားကြမလဲလို့ ပါတီတွေကို မေးမြန်းနေချိန်မှာကို NUG တို့ PDF တို့က USDP ပါတီဝင်တွေ PPP ပါတီဝင်တွေများစွာကို သတ်ဖြတ်ပြီးနေပြီး ဒီလိုသတ်ဖြတ်ကြောင်းကိုလည်း ထုတ်ပြန်ချက်တွေထုတ် ဝမ်းသာအားရတွေ လုပ်နေကြတာ တွေ့နေရတာမို့လို့ပါ။

ဒီတော့ လူကိုသိရမဲ့၊ လူကိုကြည့်ရွေးရမဲ့ Open List လို PR မျိုးထက် ပါတီကို ကြည့်ရွေးရမဲ့ Closed List လို PR မျိုးကိုပဲ ပါတီတွေက ဦးစားပေးလိုက်ပါတော့တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ၂၀၂၃ ရွေးကောက်ပွဲဒီနေ့ကျင်းပမယ်ကြေညာ မနက်ဖြန်မှာ ဘယ်မဲဆန္ဒနယ်က ဘယ်သူပြိုင်ပါ့မယ်လို့ အရင်တုန်းကလို ထုတ်ပြန်တာနဲ့ အဲဒီကိုယ်စားလှယ်လောင်းဟာ နောက်နေ့မှာ အကြမ်းဖက်သမားတွေရဲ့ သတ်ဖြတ်မှုကြုံရနိုင်တာကို ပါတီတိုင်းက တွေးမိလို့လည်း Closed List PR ကို အဆိုပြုလာကြတာပါ။

ဒီနေရာမှာ လက်ရှိရွေးကောက်ပွဲ ဖြစ်လာရင် မဲပေးမဲ့ပြည်သူကို အကြမ်းဖက်သမားတွေသတ်မဲ့ဘေးက ကာကွယ်မပေးဘူးလား မေးစရာကျန်လာပါတယ်။ အဲဒီအတွက်တော့ အရင်တုန်းကလိုပဲ ​အသက် ၆၀ နဲ့အထက်တွေကို ကြိုတင်မဲကောက်တာနဲ့ Electronic Voting က အဖြေဖြစ်လာပါလိမ့်မယ်။

Electronic Voting ဟာ မဲပေးသူပြည်သူကို ဘယ်သူကမှ ဒုက္ခပေးလို့မရအောင် အတိုင်းအတာတစ်ခုအထိ ကာကွယ်ပါလိမ့်မယ်။ ဒီတော့ ဥပဒေမှာ ပါတယ်ဆိုရုံ မည်ကာမတ္တ၊ လုပ်နိုင်ဖို့ကြိုးစားနေတယ်ဆိုတာထက် PR ရွေးကောက်ပွဲအောင်မြင်စေချင်တယ်ဆို Electronic Voting ကို အောင်မြင်အောင်​ကြိုးစားပေးကြပါလို့ တိုက်တွန်းရပါလိမ့်မယ်။

နောက်တစ်ချက်ကတော့ ရွေးကောက်ပွဲဥပဒေသစ်မှာ NLD ပါတီ ပြန် မှတ်ပုံတင်မယ်ဆိုရင်ဖြစ်ဖြစ် ရွေးကောက်ပွဲကာလအထိ ဖျက်သိမ်းမခံရဘဲ ဆက်ရှိနေရင်ဖြစ်ဖြစ် NLD ပါတီ တရားဝင်ရပ်တည်ခွင့်ရနေသရွေ့ဒီ PR ရွေးကောက်ပွဲမှာ NLD ဟာ ​သေချာပေါက် ပါဝင်ယှဥ်ပြိုင်ခွင့်ရပါလိမ့်မယ်။

အဲဒီအချိန်မှာ သတ်မှတ်ပမာဏတစ်ခုဝင်ပြိုင်မယ်ဆို ပါတီဆက်လက်တည်မြဲမှာဖြစ်ပြီး ရွေးကောက်ပွဲကို သပိတ်မှောက်မယ်၊ ဥပဒေလည်း ဂရုမစိုက်ဘူး လုံးဝမပြိုင်ဘူးဆိုရင်တော့ NLD ပါတီဟာ ဥပဒေအရပဲ ဖျက်သိမ်းရပါလိမ့်မယ်။ ဒီတော့ NLD ပါတီ တည်မြဲရေး မတည်မြဲရေးဟာ SAC နဲ့ ယာယီသမ္မတဦးမြင့်ဆွေဦးဆောင်လာမဲ့ ရွေးကောက်ပွဲကျင်းပရေးအစိုးရအပေါ် မူတည်တော့မှာမဟုတ်ဘဲ သတ်မှတ်ပမာဏတစ်ခု ဝင်ပြိုင်မလား၊ မပြိုင်ဘူးလား။ ပြိုင်ရင် တရားဝင်ပါတီအဖြစ် ဆက်ရပ်တည်မယ်။ မပြိုင်ရင် ဥပဒေနဲ့အညီ ဖျက်သိမ်းခံရမယ်ဆိုတဲ့ အခြေအနေဖြစ်လာပါလိမ့်မယ်။ NLD ပါတီ ဥပဒေနဲ့အညီ ဖျက်သိမ်းခံမလား၊ အဖျက်သိမ်းမခံဘူးလားဆိုတာက NLD ရဲ့ ရွေးချယ်မှုပဲ ဖြစ်လာပါလိမ့်မယ်။

သေချာတာကတော့ အဲဒီအချိန်ကျမှ ၂၀၂၃ ရွေးကောက်ပွဲဟာ တရားမျှတမှုမရှိနိုင်လို့ မပြိုင်ဘူးကွာတော့ မလုပ်ပါနဲ့။ NLD ပါတီ ဆက်လက်တည်မြဲချင်တယ်ဆိုရင်တော့ ဝင်ပြိုင်ရပါလိမ့်မယ်။ မဲမသမာမှုဖြစ်နိုင်တယ်ထင်ရင် ကိုယ့်တုန်းက မဲစာရင်းစစ်ခံရပြီး မဲမသမာမှုလုပ်သွားတယ်လို့ သက်သေအထောက်အထားနဲ့ တစ်ဖက်က ပြောသလိုမျိုး ပြောနိုင်ဖို့ ကြိုးစားပါလို့ တိုက်တွန်းချင်ပါတယ်။

လူတွေ အဖွဲ့အစည်းတွေကို အချက်အလက်မပါဘဲ သွားပုပ်လေလွင့်ပြောဖို့ သိပ်လွယ်ပေမဲ့ စနစ်တကျစိစစ်ပြီး ကိန်းဂဏန်းအတိအကျနဲ့ ထောက်ကျတာက ငါတို့အဖွဲ့အစည်းသည်လည်း ငါတို့ Institutions သည်လည်း Smart ကျကျ အမှားအမှန် မသမာမှုထောက်ပြနိုင်တဲ့ အဖွဲ့အစည်းပါ။ အခု မင်းတို့မှားနေပြီလို့ လျှာအရိုးမရှိ စွပ်စွဲတာမျိုးထက် ဒီမှာမဲမသမာ​မှုသက်သေ ဆိုတာမျိုးနဲ့ပဲ မဲမသမာမှုဖြစ်နိုင်ချေ သက်သေရှာဖွေပေးနိုင်ဖို့ကြိုးစားပါလို့ တိုက်တွန်းရင်းနဲ့ပဲ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *