October 19, 2024

၁၇. ၁၁. ၂၀၂၃
Translated by Htwe Ko Tun

ဂါဇာကမ်းမြောင်ဒေသအတွင်း ပိတ်မိနေခဲ့သော ရုရှားနိုင်ငံသား ၁၂၀ ကို ပြန်လည်ကယ်တင်ကာ ၎င်းတို့ကို ဂါဇာမှ မော်စကိုမြို့သို့ ပြန်လည်ခေါ်ယူနိုင်ခဲ့ကြောင်း ရုရှားနိုင်ငံ၊ အရေးပေါ်ဖြစ်ရပ်များဆိုင်ရာ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရိုမန် အိုခိုတန်ကိုက နိုဝင်ဘာ ၁၇ ရက်တွင်ပြောခဲ့သည်။

၎င်းက ဝန်ကြီးဌာန၏ IL-76 လေယာဉ်နှင့် ဂါဇာမှ ပြန်လည်သယ်ဆောင်လာသော လေယာဉ်ခရီးစဉ်အတွင်း ဆရာဝန်များနှင့်အရေးပေါ်အခြေအနေအကြံပေးအရာရှိများပါ လေယာဉ်ပေါ်လိုက်ပါစောင့်ရှောက်ခဲ့ကြကြောင်းလည်း ပြောခဲ့သည်။

လေယာဉ်က နိုဝင်ဘာ ၁၇ ရက်နံနက်ပိုင်းတွင်မှ မော်စကိုသို့ ဆင်းသက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ပြန်လည်ကယ်တင်လာသူ ရုရှားနိုင်ငံသား ၁၂၀ တွင် ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်းနှင့် အားလုံးမှာကျန်းမာရေးအခြေအနေကောင်းမွန်ကြကြောင်းလည်း ရိုမန် အိုခိုတန်ကိုက ပြောကြားခဲ့သည်။

၎င်းကအီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့တွင် စောင့်ဆိုင်းနေသော ရုရှားနိုင်ငံသား ၂၈ ဦးကိုလည်း ပြန်လည်ခေါ်ယူသွားမည် ဖြစ်ကြောင်း၊ နိုဝင်ဘာ ၁၆ ရက်တွင် ရုရှားနိုင်ငံသား ၁၂ ဦးက ရာဖာဂိတ်မှ ဖြတ်သန်းထွက်ခွာလာကြရာ ဝန်ကြီးဌာနကိုယ်စားလှယ်များနှင့်တွေ့ဆုံရန် လမ်းခရီးတွင်ရှိကြကြောင်း၊ စုစုပေါင်းအားဖြင့် ရုရှားနိုင်ငံသား ၂၈၈ ဦးကို နိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ခဲ့ပြီး ၃၂၈ ဦးက ဂါဇာမှထွက်ခွာလာနေကြောင်းပြောခဲ့သည်။

ထို့ပြင် ၎င်းက နိုဝင်ဘာ ၁၆ ရက်အထိ ရုရှားနိုင်ငံသား ၈၈၇ ဦးက ရာဖာစစ်ဆေးရေးဂိတ်ကို ဖြတ်သန်း ထွက်ခွာရန်တောင်းဆိုမှုများပြုလုပ်ထားကြောင်းလည်း သိရသည်။

ရုရှားနိုင်ငံသို့ ဂါဇာမှ ပြန်လည်ခေါ်ယူလာခဲ့ပြီဖြစ်သော ရုရှားနိုင်ငံသားများအနက် ကလေး ၃၉ ဦးအပါအဝင် စုစုပေါင်း ၉၇ ဦးအား ၎င်းတို့ခေတ္တနေထိုင်ရန် မော်စကိုဒေသရှိ ယာယီနေထိုင်ရေးစခန်းများတွင် နေရာချထားကြောင်းလည်းသိရသည်။

စစ်ပွဲဖြစ်ပွားနေရာ ဂါဇာကမ်းမြောင်ဒေသတွင် ရောက်ရှိနေသော ရုရှားနိုင်ငံသားများကို ပြန်လည်ကယ်ဆယ်နိုင်ရန် အရေးပေါ်ဖြစ်ရပ်များဆိုင်ရာ ဝန်ကြီးဌာနနှင့် ရုရှားသံတမန်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။ ဂါဇာဒေသမှ ပြန်လည်ကယ်တင်ပေးရန် လူ ၁,၀၀၀ ကျော်က စာရင်းပေးထားကြပြီး ၎င်းတို့တွင် ရုရှားနိုင်ငံသားများနှင့် ပြည်ပရောက် ရုရှားမျိုးနွယ်များလည်းပါကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး မာရီယာ ဇာခါရိုဗာက ပြောခဲ့သည်။

ကယ်ဆယ်ရေးလုပ်ငန်းတွင် ပထမအခေါက်အဖြစ် ရုရှားနိုင်ငံသား ၇၀ ကို နိုဝင်ဘာ ၁၃ ရက်တွင်လည်းကောင်း၊ ၉၈ ဦးကို နိုဝင်ဘာ ၁၅ ရက်တွင်လည်းကောင်း မော်စကိုသို့ လေယာဉ်ဖြင့် ပြန်လည်သယ်ဆောင်ခဲ့ကြောင်းလည်းသိရသည်။

Ref—-Tass

Leave a Reply

Your email address will not be published. Required fields are marked *