October 22, 2024

ဗုံးပစ်ခံရသည့် ရပ်ကွက်ရုံးနှင့် ဖောက်ခွဲဖျက်ဆီးခဲ့ရသည့် ဗုံးကို တွေ့ရစဥ်

MT News

Written by Min Mahar

မန္တလေးမြို့ပေါ်ရှိ သီရိဟေမာအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအတွင်းသို့ နိုဝင်ဘာ ၁၉ ရက်နေ့ နေ့လည်ပိုင်းက လက်ပစ်ဗုံးပစ်ခတ်ခံရပြီး မပေါက်ကွဲသဖြင့် ယမ်းပျော့ကပ်ကာဖောက်ခွဲခဲ့ရကြောင်း ဒေသခံများ၏ ပြောကြားမှုအရသိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာအရှေ့ရပ်ကွက်၊ ၂၇ လမ်းနှင့် ၈၉ လမ်းထောင့်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအား ယနေ့ နိုဝင်ဘာ ၁၉ ရက်တွင် မည်သူပစ်ပေါက်သွားသည်ကိုမသိရသော လက်ပစ်ဗုံးတစ်လုံးဖြင့် ပစ်ပေါက်ခံရပြီးမပေါက်ကွဲသည့်အတွက် နေ့လည် ၁၂ နာရီကျော်တွင် သက်ဆိုင်ရာအဖွဲ့မှ လက်ပစ်ဗုံးအား ယမ်းပျော့ကပ်ပြီး ဝါယာရှော့ခ်တိုက်၍ ဖောက်ခွဲဖျက်စီးခဲ့သည်။ ထိုသို့ ဖောက်ခွဲဖျက်ဆီးမှုကြောင့် လူ၊ အဆောက်အဦများ ထိခိုက်ပျက်ဆီးမှုမရှိကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူထံမှ သိရသည်။

“နေ့လည် ၁၂ နာရီလောက်မှာ အုံး ဆိုပြီး အသံအကျယ်ကြီးကြားလိုက်ရတယ်။ ဟေမာအရှေ့ရပ်ကွက်ရုံးကို ဗုံးပစ်ခံရတာတဲ့။ မပေါက်ကွဲလို့ တပ်က ယမ်းပျော့ကပ်ပြီး ဖောက်ခွဲလိုက်ရတယ်တဲ့။ ဘယ်သူက လာပစ်သွားမှန်းတော့မသိဘူး” ဟု ရပ်ကွက်ရုံးအနီး နေထိုင်သူတစ်ဦးက ဆိုသည်။

အဆိုပါပါက်ကွဲမှုမရှိသည့်လက်ပစ်ဗုံးမှာ တရုတ်နိုင်ငံထုတ် အစိမ်းရောင် 91 လက်ပစ်ဗုံးတလုံးဖြစ်ပြီး သက်ဆိုင်ရာအဖွဲ့များမှပစ်ပေါက်သွားသူကို လိုက်လံစုံစမ်းစစ်ဆေးနေကြောင်းနှင့် မည်သည့်အဖွဲ့က လုပ်ဆောင်သွားသည်ကို မသိရှိရသေးကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *