October 20, 2024

◾ စက်သုံးဆီဆိုင်များသို့ ဆီများပုံမှန်ဖြန့်ဝေနေပြီး နိုဝင်ဘာ ၁၄ ရက်က ဆီဂါလန် ၂၄ သိန်းကျော် ဖြန့်ဝေ

၁၅. ၁၁. ၂၀၂၃

Written by Nyein Kyaw

အများပြည်သူက စက်သုံးဆီများ အဆင်ပြေလုံလောက်စွာ ဝယ်ယူသုံးစွဲနိုင်ရန်အတွက် ရန်ကုန်မြို့အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား စက်သုံးဆီပြတ်လပ်မှုမရှိစေရန် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေဖြင့် သီလဝါ သိုလှောင်ကန်စခန်းများမှ စက်သုံးဆီများကို ဆီသယ်ယာဉ်များဖြင့် လုံလောက်စွာ ဖြည့်တင်း ဆောင်ရွက်ပေးလျက်ရှိသော်လည်း မော်တော်ယာဉ်အချို့အားအရောင်းဆိုင်တွင် ဆီရှိလျက်ဖြင့် ရောင်းချပေးခြင်းမရှိသော စက်သုံးဆီအရောင်းဆိုင်(၃)ဆိုင်အား စစ်ဆေးတွေ့ရှိသဖြင့် စိစစ်၍ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေစီမံခန့်ခွဲမှုနည်းလမ်းအရ စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ သီလဝါဆိပ်ကမ်းသို့ ပြည်ပမှ စက်သုံးဆီတင်သင်္ဘောများ အဆက်မပြတ်ရောက်ရှိရာ သက်ဆိုင်ရာသိုလှောင်ကန်များသို့ နိုဝင်ဘာ ၁၄ ရက်တွင် စက်သုံးဆီတင်သင်္ဘော (၃) စီးမှ စက်သုံးဆီများအား ချယူဖြည့်တင်းလျက်ရှိပြီး ထပ်မံ၍ ဆီချယူဖြည့်တင်းရန် ဆိပ်ကမ်း၌စောင့်ဆိုင်းနေသည့် စက်သုံးဆီတင်သင်္ဘော (၂) စီးရှိသည့်အပြင် ထပ်မံဝင်ရောက် လာမည့် စက်သုံးဆီတင်သင်္ဘောများလည်း ရှိကြောင်း သိရှိရသည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကော်မတီအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးရှိ စက်သုံးဆီအရောင်းဆိုင်များသို့ ဆီတင်ယာဉ်များဖြင့် ဖြည့်တင်းဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ ၁၄ ရက်တွင် ဆီတင်ယာဉ် (၁၀၂၃) စီးဖြင့် 92Ron (၉)သိန်းကျော်၊ 95 Ron (၁)သိန်း(၅)သောင်းကျော်၊ ဒီဇယ်ဆီ (၇)သိန်း(၅) သောင်းကျော်၊ ပရီမီယမ် ဒီဇယ်ဆီ (၆)သိန်းကျော် ဖြည့်တင်းပေးနိုင်သဖြင့် နိုင်ငံတဝှမ်းရှိ ရောင်းဆိုင်အားလုံးတွင် စက်သုံးဆီ လာရောက်ဝယ်ယူမှု အခြေအနေမှာ ယခင်ကဲ့သို့ ပုံမှန်အခြေအနေတိုင်းဖြစ်ကြောင်းနှင့် အများပြည်သူများ အနေဖြင့် လိုအပ်သောစက်သုံးဆီများကို လိုအပ်သလိုဝယ်ယူနိုင်ပြီ ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *