October 19, 2024

MT News

၁၆. ၁၁. ၂၀၂၃

လူမှုကွန်ရက်တွင် ပျံ့နှံ့နေသလို ဘဏ်အပ်ငွေ ငွေသားထုတ်ယူမှု မကန့်သတ်သလို ပုဂ္ဂလိကဘဏ်များ ဝန်ထမ်းလစာကြိုထုတ်ပေးမှု သတင်းမှားကြောင်း ဗဟိုဘဏ်ကယနေ့ ထုတ်ပြန်လိုက်သည်။

ယခုလတ်တလောကာလတွင် အများပြည်သူအကျိုး စီးပွားပျက်စီးစေရန် မသမာသူလူတစ်စုက လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းမှားများ ဖြန့်ဝေနေပြီး အဆိုပါ လူမှုကွန်ရက်စာမျက်နှာများနှင့် အင်တာနက် Website များတွင် ဖြန့်ဝေနေသော ဘဏ်များရှိ အပ်ငွေစာရင်းများမှ ငွေသားထုတ်ယူခြင်းများကို ကန့်သတ်နေကြောင်း ထုတ်ပြန်ချက်များသည် မဟုတ်မမှန်သောသတင်းမှားများသာ ဖြစ်ကြသည်ဟု ထုတ်ပြန်သည်။ အလားတူ အချို့ပုဂ္ဂလိကဘဏ်များတွင် ဝန်ထမ်းများကို လစာများကြိုတင်ထုတ်ပေးကြောင်း သတင်းများသည်လည်း သတင်းမှားများဖြစ်ကြသည်ဟု ထုတ်ပြန်သည်။

ဘဏ်များရှိ အပ်ငွေစာရင်းများမှငွေသားထုတ်ယူခြင်းများကို ကန့်သတ်ချက်မရှိထုတ်ယူနိုင်ပြီး ဘဏ်များ၏ ဘဏ်ခွဲအသီးသီးတွင် Core Banking System စနစ်အရ အများပြည်သူ အပ်နှံ ငွေစာရင်းအချက်အလက်များကို အဆင်ပြေချောမွေ့စွာသိရှိနိုင်သဖြင့် နိုင်ငံတစ်ဝန်းရှိ မည်သည့် ဘဏ်ခွဲတွင်မဆို ဘဏ်လုပ်ငန်းဝန်ဆောင်မှုများ ရယူနိုင်မည် ဖြစ်သည်။

ထို့ပြင် ဒစ်ဂျစ်တယ်နည်းလမ်းဖြင့်လည်း ဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများ၊ ပေးချေမှုများကို လွယ်ကူစွာဆောင်ရွက်နိုင်ပြီး ဘဏ်များတွင် ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ပုံမှန်အတိုင်းဆောင်ရွက်လျက်ရှိပါသည်။ ဘဏ်များ၏ Customer များကလည်း ပုံမှန်ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ဘဏ်များထံမှ ရယူဆောင်ရွက်လျက်ရှိကြသည်ဟု သိရသည်။

ထိုသို့ အများပြည်သူ၏ အကျိုးစီးပွားကို ထိခိုက်ပျက်စီးစေရန် သတင်းမှားများဖြန့်ဝေသူများကို ဥပဒေပြဌာန်းချက်များနှင့်အညီ ဖော်ထုတ်အရေးယူပြီး ထိရောက်ဟန့်တားသော ပြစ်ဒဏ်များ ချမှတ်နိုင်ရန်တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *