ရွှေဘောလုံး
၂၀.၁၁.၂၀၂၂
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ပွဲကြပ်တွေကစားခဲ့ရလို့ ကစားသမားအများစုဟာ ပွဲပန်းတဲ့ဒဏ်ကို ခံစားခဲ့ကြရသလို နာမည်ကြီးကစားသမားတော်တော်များများ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။
ဆီနီဂေါတိုက်စစ်မှူး ဆာဒီယိုမာနေးလ်လို အားထားရတဲ့ကစားသမားတွေ၊ နယ်သာလန်က ဝစ်နယ်လ်ဒန်တို့လိုကစားသမားတွေအပြင် ဝေးလ်တိုက်စစ်မှူး ဂါရတ်ဘေးလ်၊ အာဂျင်တီးနားက ဂွန်ဇာလတ်တို့လိုကစားသမားတွေဟာ ကမ္ဘာ့ဖလားနဲ့ လွဲခဲ့ရပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မယ့် အသင်း ၃၂ သင်းမှာ ကစားသမား ၉၅ ယောက်အထိ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဂျာမနီက ၅ ယောက်၊ အာဂျင်တီးနား၊ ဘယ်လ်ဂျီယံ၊ ကနေဒါ၊ အင်္ဂလန်၊ ပေါ်တူဂီ၊ ဂါနာ၊ ဂျပန်နဲ့ အမေရိကန်တို့က ဒဏ်ရာရကစားသမား ၄ ယောက်စီရှိနေပါတယ်။ ပြင်သစ်ကတော့ ၉ ယောက်အထိ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရလို့ ဒဏ်ရာရကစားသမားအများဆုံးပဲဖြစ်ပါတယ်။
လက်ရှိချန်ပီယံပြင်သစ်ဟာ တခြားအသင်းတွေထက် ချန်ပီယံဘွဲ့ကိုပြန်ထိန်းထားနိုင်ဖို့ လုံးပန်းနေရတဲ့အချိန်မှာပဲ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရတာကြောင့် အခုနှစ်မှာ ၂၀၁၈ ကလောက် ခြေစွမ်းပြနိုင်ပါ့မလားဆိုတာ သံသယရှိစရာရှိလာပါတယ်။ ဒဏ်ရာရထားတာကလည်း အဓိကအားထားရတဲ့ ကစားသမားအများစုဖြစ်နေတာက ချန်ပီယံအသင်းကို စိတ်အားပျော့စေပါတယ်။
ကန်တေ၊ ကွန်နေးလ်၊ ဗာနေးလ်၊ ပေါလ်ပေါ့ဂ်ဘာ တို့လို ၂၀၁၈ ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြခဲ့ကြတဲ့ ကစားသမားတွေဟာ ပဏာမစာရင်းမရွေးခင်ကတည်းက ဒဏ်ရာပြဿနာရင်ဆိုင်နေကြရပါတယ်။ ကာတာကို လာကာနီး ရက်ပိုင်းအတွင်းမှာပဲ နောက်ထပ်အားထားရတဲ့ ကစားသမား နူနွန် ဒူးခေါင်းဒဏ်ရာရခဲ့လို့ ကစားသမားစာရင်းက ခက်ခဲ့ရပါတယ်။ သူ့နောက်မှာတော့ ဖော်လ်ဖန် နဲ့ တိုက်စစ်မှူး ဘန်ဇီမာတို့ ဒဏ်ရာပြဿနာတွေနဲ့ ထပ်ရင်ဆိုင်ခဲ့ရပါတယ်။
တိုက်စစ်မှူး ဘန်ဇီမာအပါအဝင် နာမည်ကြီးကစားသမားအားလုံး ပြင်းထန်တဲ့ဒဏ်ရာတွေရထားကြလို့ နည်းပြကြီးဒီဒီယာဒက်ချမ့်စ်အတွက် အခုနှစ်ကမ္ဘာ့ဖလားမှာ တော်တော်ကြီး အကြပ်ရိုက်စေပါတယ်။ တိုက်စစ်မှာ ဂီယော့ခ်၊ အမ်ဘာပေ၊ ဂရစ်ဇ်မန်း၊ ဒမ်ဘီလီနဲ့ သူရမ်တို့လို ကစားသမားတွေရှိနေလို့ စိတ်မပူရပေမယ့် အလယ်တန်းနဲ့ နောက်တန်းအတွက်ကတော့ စိတ်ပူစရာရှိနေပါတယ်။ အသက်အရွယ်နဲ့ ခြေစွမ်းပိုင်းမတည်ငြိမ်တဲ့ကစားသမားတချို့ကြောင့် အခုကစားသမားတွေ ဒဏ်ရာရခဲ့တာဟာ ဆိုးရွားတဲ့နိမိတ်ပဲဖြစ်ပါတယ်။
(၁) ဘန်ဇီမာ
၂၀၂၂ ရဲ့ ဘလွန်းဒီအောလ်ဆုရှင် ဘန်ဇီမာဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ရီးယဲမက်ဒရစ်ကို ချန်ပီယံလိဂ်ဖလားရအောင် အဓိကစွမ်းဆောင်နိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီတစ်ရာသီလုံး ကြံ့ခိုင်မှုအပြည့်နဲ့ ကစားနိုင်ခဲ့တာကြောင့် ဒီနှစ်ကမ္ဘာ့ဖလားမှာ ပြင်သစ်အတွက် အဓိကတိုက်စစ်မှူး အနေနဲ့ ပါဝင်လာဖို့ရှိနေတာပါ။
ဒါပေမယ့် နိုဝင်ဘာ ၁၉ ရက်က လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာရခဲ့တာဟာ သူ့ကို ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ဝေးသွားစေခဲ့ပါတယ်။ သူဒဏ်ရာရခဲ့တာဟာ ကာတာပြိုင်ပွဲမတိုင်ခင် ပြင်သစ်အသင်းအတွက် အကြီးမားဆုံး ထိုးနှက်မှုတစ်ခုပဲဖြစ်ပါတယ်။ သူ့နေရာမှာ ဘယ်သူနဲ့ အစားထိုးမလဲဆိုတာကိုတော့ ဒက်ချမ့်စ်က တရားဝင်ထုတ်ပြောတာမျိုး မရှိသေးပါဘူး။
(၂) ကန်တေ
ချယ်လ်ဆီးကွင်းလယ်လူလည်းဖြစ်၊ ပြင်သစ်အတွက် ကွင်းလယ်ကအရေးပါတဲ့ကစားသမားလည်းဖြစ်တဲ့ ကန်တေရဲ့ ဒဏ်ရာပြဿနာကလည်း ပြင်သစ်အတွက် ထိုးနှက်ချက်တစ်ခုပါ။ ပြီးခဲ့တဲ့ သြဂုတ်လက ကလပ်အသင်းအတွက် နှစ်ပွဲသာကစားခဲ့ရပြီးတဲ့နောက် တံကောက်ကြောဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်လိုက်ရပါတယ်။ အခုနိုဝင်ဘာလထဲမှာပဲ လေးလကြာအောင်အနားယူရမယ့် ခွဲစိပ်ကုသခဲ့ရလို့ ကမ္ဘာ့ဖလားနဲ့ ဝေးခဲ့ရပြန်ပါတယ်။
(၃) ပေါ့ဂ်ဘာ
အသက် ၂၉ နှစ်အရွယ်သာရှိသေးတဲ့ ပေါ့ဂ်ဘာဒဏ်ရာရနေတာက ပြင်သစ်ကွင်းလယ်ကို အားပျော့စေပါတယ်။ ဒူးဒဏ်ရာကြောင့် မိခင်ကလပ်အသင်းဖြစ်တဲ့ ဂျူဗင်တပ်နဲ့ တစ်ပွဲမှမကန်ရသေးဘဲ မကြာခင်ပြန်လည်ကစားနိုင်မယ်လို့ အသင်းဆရာဝန်တွေက မှတ်ချက်ပြုထားပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ခရိုအေးရှားကို ၄ ဂိုး ၂ ဂိုးနဲ့နိုင်တဲ့ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ကစားသမားဖြစ်တာကြောင့် သူပါမလာတာက ပြင်သစ်အတွက် အကြီးမားဆုံးဆုံးရှုံးမှုလို့ ပြောလို့ရပါတယ်။
(၄) မိုက်မက်ဂန်
အေစီဂိုးသမားဟာ ပြီးခဲ့တဲ့အောက်တိုဘာက ခြေသလုံး ကြွက်သားဒဏ်ရာကြောင့် ကလပ်အသင်းမှာလည်း မကစားနိုင်ခဲ့သလို ပြင်သစ်ပမာဏလူစာရင်းမှာတောင် အရွေးမခံခဲ့ရပါဘူး။ ပြီးခဲ့တဲ့ ဘောလုံးရာသီက အေစီအတွက် စကူဒက်တိုဖလားရအောင် လက်စွမ်းပြခဲ့တဲ့ မက်ဂန်ဟာ လက်ရှိအချိန်မှာ ဒဏ်ရာပြဿနာမရှိခဲ့ရင် ပြင်သစ်အတွက် အားထားရတဲ့ ဂိုးသမားဖြစ်လာမှာပါ။
(၅) ကင်မ်ပန်ဘီ
ပီအက်စ်ဂျီရဲ့နောက်တန်းကစားသမားကြီးဟာ ပြင်သစ်လက်ရွေးစင်အသင်းမှာ ပါလာပြီးမှ ကမ္ဘာ့ဖလားနဲ့ လွဲချော်ခဲ့ရတဲ့ ကစားသမားတစ်ယောက်ပဲဖြစ်ပါတယ်။ ၂၀၁၈ ကမ္ဘာ့ဖလားမှာလည်း နောက်တန်းမှာ တံတိုင်းတစ်ခုလို ကြံ့ကြံ့ခံကာကွယ်နိုင်ခဲ့ပါတယ်။ အခုနှစ် ပီအက်စ်ဂျီအသင်းနဲ့ ပြိုင်ပွဲစုံ ၁၁ ပွဲကစားထားပြီး ကမ္ဘာ့ဖလားမှာ ပြင်သစ်အတွက်ကစားပေးဖို့ လုံလောက်တဲ့ကြံ့ခိုင်မှုမရှိတော့တာကြောင့် ပြင်သစ်အတွက် နစ်နာခဲ့ရပြန်ပါတယ်။
(၆) နွမ်ကူ
ကင်မ်ပန်ဘီ ဒဏ်ရာပြဿနာဖြစ်ခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ လိုက်ပ်ဇစ်ကွင်းလယ်ကစားသမားဟာ လေ့ကျင့်ရေးကွင်းအတွင်း မတော်တဆထိခိုက်မိပြီး ဒဏ်ရာရခဲ့လို့ ကမ္ဘာ့ဖလားနဲ့ လွဲချော်ခဲ့ရပြန်ပါတယ်။ အသက် ၂၅ နှစ်ပဲရှိသေးတဲ့ ဒီကစားသမားဟာ လိုက်ပ်ဇစ်အတွက် ၂၃ ပွဲကစားပေးပြီး ၁၇ ဂိုးသွင်းယူထားလို့ ဒီနှစ်မှာ အလားအလာရှိတဲ့ ကစားသမားတစ်ယောက် ဆုံးရှုံးခဲ့ရပြန်ပါတယ်။ သူ့နေရာကိုတော့ ဖရန့်ဖတ်ကွင်းလယ်ကစားသမား မူနီနဲ့ အစားထိုးထားပါတယ်။
ကျန်တဲ့ကစားသမားတွေကတော့ ကမ္ဘာ့ဖလားကန်နေတဲ့အချိန်မှာပဲ ကြံ့ခိုင်မှုပြန်ပြည့်ဝလာနိုင်တယ်လို့ ဆိုထားပေမယ့် ပြိုင်ပွဲဟာ တစ်ပတ်လောက်ပဲကျန်တော့တာကြောင့် စဉ်းစားစရာဖြစ်နေပါတယ်။ အဓိက ဗဟိုခံစစ်သမားနှစ်ယောက်ဖြစ်တဲ့ ဗာနေးလ် နဲ့ ကွန်ဒီ တို့ကလည်း ပြိုင်ပွဲမပြီးခင်အချိန်မှာ ဝင်ကစားနိုင်ပါ့မလားလို့ မေးခွန်းထုတ်ရမယ့်အခြေအနေပါ။
ကွင်းလယ်မှာ အခရာကျတဲ့ ကန်တေ နဲ့ ပေါ့ဂ်ဘာတို့ရဲ့ဒဏ်ရာက ပြင်သစ်ကွင်းလယ်ပိုင်းကို အထိအခိုက်များခဲ့ပြီလို့ ဆိုရမှာပါ။ ဒီကစားသမားနှစ်ယောက်စလုံးက ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ပြင်သစ်ချန်ပီယံဖြစ်ဖို့အတွက် အဓိကအခန်းကဏ္ဍက ပါနေခဲ့တာပါ။ သူတို့နှစ်ယောက်နေရာမှာ ရီးယဲမက်ဒရစ်က စိတ်ဝင်စားနေတဲ့ လူငယ်ကွင်းလယ်ကစားသမားနှစ်ယောက်ဖြစ်တဲ့ ကာမာဗင်ဂါနဲ့ တီချိုမီနီတို့နဲ့ အစားထိုးနိုင်ဖွယ်ရှိနေပါတယ်။ သူတို့နှစ်ယောက်ပြီးရင်တော့ ဂျူဗင်တပ်ကွင်းလယ်ကစားသမား ရာဗေါ့ဝ် ကို ထားနိုင်ချေရှိနေပါတယ်။
လက်ရှိဒဏ်ရာရကစားသမားတွေနေရာမှာ လူငယ်ကစားသမားတွေနဲ့ အစားထိုးဖို့ ပြင်ဆင်နေပေမယ့် ဘန်ဇီမာရဲ့နေရာမှာ ဂရစ်ဇ်မန်းကို အစားထိုးဖို့ဆိုတာ လုံးဝမဖြစ်နိုင်တဲ့ အနေအထားတစ်ခုပဲလို့ သုံးသပ်ရမှာပါ။ အမ်ဘာပေ ဒါမှမဟုတ် ချဲလ်ဆီးမှာခြေစွမ်းပြနေတဲ့ဂီယော့ခ် တို့ကို အစားထိုးဖို့လည်း ရှိနေပုံရပါတယ်။
နည်းပြ ဒက်ချမ့်စ်အတွက်ကတော့ ဒဏ်ရာပြဿနာနဲ့ရင်ဆိုင်နေရတဲ့ အလယ်တန်းအတွက် အတော်လေးရင်ပူနေပုံရပါတယ်။ ကမ္ဘာ့ဖလားမှာ ဒဏ်ရာပြဿနာအများဆုံးဖြစ်နေတဲ့ ပြင်သစ်အတွက် ဒီနှစ်ကတော့ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ပါ့မလားဆိုတာ စောင့်ကြည့်ကြရပါဦးမယ်။