October 19, 2024

၁၆. ၁၁. ၂၀၂၃
Written by Nyein Kyaw

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံးက ယမန်နေ့တွင် ဖမ်းဝရမ်းထုတ်ခဲ့သည့် အွန်လိုင်းလိမ်လည်မှု ခေါင်းဆောင် ကိုးကန့်ထိပ်တန်းလုပ်ငန်းရှင် မိသားစုဝင် ၄ ဦးအနက် ၃ ဦးကို ယနေ့နံနက်တွင် လောက်ကိုင်မြို့၌ ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီက ကြေညာထားသည်။

ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း အွန်လိုင်း လိမ်လည်မှုများ၊ လူကိုသွေးဆောင်ဆွဲခေါ်မှုများ၊ လူပြန်ပေးမှုများ၊ တရားမဝင်ချုပ်နှောင်မှုများ၊ ခြောက်လှန့်တောင်းယူမှုများကို ဂိုဏ်ဖွဲ့ကျူးလွန်ခြင်း၊ ကျူးလွန်ရန်အားထုတ်ခြင်း၊ အားပေးကူညီခြင်းများကို ကျူးလွန်နေသော မြီရှောက်ချန်း၊ မြီကော်ဖျင်း (ခ) မြီရှောက်ဖျင်း၊ မြီကျွီလန်နှင့် မြီကျိန်းကျိန်း စသည့် ၄ ဦးတို့ကို ဥပဒေအရ အ‌‌ရေးယူရန်အတွက် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက် (ယမန်နေ့)တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးက ဖမ်းဝရမ်းထုတ်ဆင့်ထားကြောင်း ထုတ်ပြန်ခဲ့သည်။

This image has an empty alt attribute; its file name is photo_2023-11-16_16-33-01.jpg

အဆိုပါ ဖမ်းဝရမ်းထုတ်ထားသူ ၄ ဦးအနက် မြီရှောက်ချန်း၊ မြီကော်ဖျင်း (ခေါ်) မြီရှောက်ဖျင်းနှင့် မြီကျိန်းကျိန်းတို့ကို နိုဝင်ဘာ ၁၆ ရက် (ယနေ့) နံနက်ပိုင်းတွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့တွင် ဖမ်းဆီးရမိခဲ့ကြောင်းနှင့် တရားဥပဒေအရ အရေးယူနိုင်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လွှဲပြောင်းပေးနိုင်ရေး ဆက်လက်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း အသိပေး ကြေညာထားသည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတစ်ဝှမ်းအွန်လိုင်းလိမ်လည်မှုများ၊ လူကိုသွေးဆောင်ဆွဲခေါ်မှုများ၊ လူပြန်ပေးမှုများ၊ တရားမဝင်ချုပ်နှောင်မှုများ၊ ခြောက်လှန့်တောင်းယူမှုများကို ဂိုဏ်ဖွဲ့ကျူးလွန်ခြင်း၊ ကျူးလွန်ရန်အားထုတ်ခြင်း၊ အားပေးကူညီခြင်းများကို ကျူးလွန်မှုများ ပပျောက်စေရေး၊ ပါဝင်ပတ်သက်မှုများ မရှိစေဖို့အတွက် သက်ဆိုင်ရာ တရားဥပဒေစိုးမိုးရေးအဖွဲ့များက စိစစ်ဖော်ထုတ် အရေးယူဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိကြောင်း၊ ထို့ပြင် သက်ဆိုင်ရာ အိမ်နီးချင်းနိုင်ငံများနှင့်လည်း စဉ်ဆက်မပြတ် ဆက်သွယ်ပြီး တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *