October 19, 2024

၁၆. ၁၁. ၂၀၂၃
Written by Pan Ei

နိုင်ငံ့အကြီးအကဲဖြစ်ရတာဟာ အလုပ်များပြီး တစ်ခါတစ်ရံမှာ မိသားစုဘဝဆိုတာက နောက်ရောက်နေတတ်ပါတယ်။ ကံကောင်းစွာနဲ့ပဲ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်မှာတော့ ဇနီးရဲ့မွေးနေ့ကို မေ့သွားတဲ့အခါ သတိပေးတဲ့ တခြားနိုင်ငံတော်အကြီးအကဲတွေရှိနေပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က တရုတ်သမ္မတ ရှီကျင့်ဖိန်ကို အတူတူ ဆယ်စုနှစ် သုံးခုကျော်ကြာ ဘဝလက်တွဲဖော်ဖြစ်သူရဲ့ ထူးခြားတဲ့နေ့ကို ကျင်းပရတော့မယ်ဆိုတဲ့အကြောင်းကို ထောက်ပြခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ရှီကျင့်ဖိန်ရဲ့ ဇနီးဖြစ်သူ တရုတ်နိုင်ငံမှာ နာမည်ကြီး ဆိုပရာနိုအဆိုတော်တစ်ယောက်ဖြစ်တဲ့ Peng Liyuan ဟာ လာမယ့် နိုဝင်ဘာ ၂၀ ရက်မှာ အသက် ၆၁ နှစ်ပြည့်မှာဖြစ်ပြီး အဲ့ဒီနေ့မှာပဲ သမ္မတ ဂျိုးဘိုင်ဒန်က အသက် ၈၁ နှစ်ပြည့်မှာဖြစ်တာကြောင့် ရှီရဲ့ ဇနီးနဲ့ ဂျိုးဘိုင်ဒန်တို့ဟာ မွေးနေ့တူကြသူနှစ်ဦးပါ။

ဆန်ဖရန်စစ္စကိုမှာ ထိပ်သီးအစည်းအဝေးပွဲအတွက် ရှီနဲ့ တွေ့ဆုံခဲ့တဲ့ ဘိုင်ဒန်က Peng ကို ရှီကတစ်ဆင့် မွေးနေ့ဆုတောင်းပေးခဲ့တယ်လို့လည်း အမေရိကန်အရာရှိတွေက ပြောပါတယ်။ အဲ့ဒီနောက် ရှီကျင့်ဖိန်က အလုပ်များနေတဲ့အတွက် ရက်ကို သတိမထားမိခဲ့ကြောင်းနဲ့ ဂျိုးဘိုင်ဒန်ကို သတိပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းပြောကြားခဲ့ပြီး သူ့ဇနီးအတွက် ဘာပေးရမယ်ဆိုတာကို စဉ်းစားခဲ့တယ်ဆိုတဲ့ အကြောင်းကို သတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။

ဆွေးနွေးပွဲအပြီးပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဘိုင်ဒင်က သတင်းထောက်တွေကို ရှီနဲ့ သူ့ရဲ့ဆက်ဆံရေးဟာ နက်ရှိုင်းကြောင်းနဲ့ “တခြားကမ္ဘာ့ခေါင်းဆောင်တွေထက် သမ္မတ ရှီနဲ့ ကျွန်တော် အချိန်ပိုပြီး ကုန်ဆုံးခဲ့ရတယ်” လို့ ပြောကြားခဲ့သလို သူ့ဇနီးအတွက် မွေးနေ့ကတ်ဝယ်ပေးဖို့ သတိပေးရလောက်တဲ့အထိ ရင်းနှီးတာ လုံလောက်ပါတယ်လို့ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ အဲ့ဒီသတင်းစာရှင်းပွဲမှာပဲ တရုတ်သမ္မတ ရှီကျင့်ဖိန်ကို အာဏာရှင်တစ်ဦးအနေနဲ့လည်း ယုံကြည်ပါတယ်လို့ ထပ်မံပြောကြားခဲ့တာကြောင့် အင်အားကြီးနှစ်နိုင်ငံအကြား အမှန်တကယ်ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ပြန်လည်ထူထောင်နိုင်ဖို့အပေါ် သံသယဖြစ်ဖွယ်ပင်ဖြစ်ခဲ့ရတယ်လို့လည်း သတင်းတွေမှာ ဖော်ပြထားပါတယ်။

Ref; AFP, CNN

Leave a Reply

Your email address will not be published. Required fields are marked *