October 19, 2024

၁၆. ၁၁. ၂၀၂၃

Written by Nyein Kyaw

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေအား တာဝန်မှရပ်စဲလိုက်ပြီး ၎င်းနေရာတွင် ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်ကို ခေတ္တဥက္ကဋ္ဌအဖြစ် ခန့်အပ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)မှ နိုဝင်ဘာ ၁၅ ရက်တွင် အမိန့်ကြေညာစာ ထုတ်ပြန်ခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုမဒ်မ ၄၁၉ အရ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဆွေအား တာဝန်မှရပ်စဲလိုက်ကြောင်း အမိန့်အမှတ် (၁၀၁/၂၀၂၃)ဖြင့် အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထို့အတူ ဖွဲ့စည်းပုံအခြေခံဥပဒေပုမဒ်မ ၄၁၉ အရပင် ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်အား ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ခေတ္တဥက္ကဋ္ဌအဖြစ် ခန့်အပ်ကြောင်း အမိန့်အမှတ် (၁၀၂/၂၀၂၃) ဖြင့် အမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေ အေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အလို့ငှာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်)၊ ဒေသကွပ်ကဲရေးမှူးအား ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်) နယ်မြေဖြစ်သည့် ရှမ်းပြည်နယ်အတွင်းရှိ ကုန်းကြမ်းမြို့နယ်၊ လောက်ကိုင်မြို့နယ် စသည့်မြို့နယ် ၂ ခုတို့ကို အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အပ်နှင်းလိုက်ကြောင်း စစ်အုပ်ချုပ်ရေး (Martial Law) အမိန့် အမှတ် (၁၁/၂၀၂၃)ဖြင့် ထုတ်ပြန်ကြေညာထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *