၂၀. ၁၁. ၂၀၂၂
Written by Phyo Wei
မြန်မာ့စီးပွားရေး ကျဆင်းနေပြီ၊ ကုန်စျေးနှုန်းကြီးလို့ ပြည်သူတွေ ကျပ်တည်းနေပြီလို့ တော်လှန်သူတွေ နှိုးဆော်နေတဲ့ ကာလမှာ ဆီစျေးကြီးမှ လမ်းပေါ်ပြည့်လာတဲ့ ကားတွေ၊ ညနေစောင်းတာနဲ့ ပြည့်နှက်နေတဲ့ Bar တွေ၊ ဘီယာဆိုင်တွေ ပိတ်ရက်လေးနည်းနည်းထပ်လိုက်တာနဲ့ အမြန်လမ်းတစ်လျှောက် ပြည့်ကျပ်ပိတ်ဆို့သွားတဲ့ ယာဥ်တွေက ပျက်ရယ်ပြုနေသလိုပါပဲ။တစ်ဖက်မှာလည်း နေ့စဥ်နီးပါး ဘိန်းဖြူလို မူးယစ်ဆေးဝါးတွေ သိန်းရာထောင်ချီ ဖမ်းမိနေသလို တရားမဝင်ကုန်သွယ်မှုတွေကလည်း သိန်းရာနဲ့ချီ နေ့စဥ်နီးပါး ဖမ်းမိနေတာကို တွေ့ရပါတယ်။ တရားဝင်လမ်းကြောင်းတွေမှာ မြန်မာ့စီးပွားရေးဟာ တိုက်ခိုက်သူတွေပြောနေသလို ပြိုကျသွားမှုမရှိတာကလည်း ဒီလို မှောင်ခိုလမ်းကြောင်းတွေ၊ မှောင်ခိုကုန်သွယ်မှုတွေက တရားဝင်လမ်းကြောင်းထက် အဆပေါင်းများစွာကြီးထွားနေလို့ပါ။ တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအို စတဲ့ နယ်စပ်ထိစပ်နေရာတိုင်းဟာလည်းလက်နက်ကိုင်တိုင်းရဲ့ စီးပွားရေးဝင်ငွေရဖို့ ဒီ မူးယစ်ဆေးတွေနဲ့ တရားမဝင်ကုန်သွယ်မှုတွေကနေဘဲ ငွေကောက်ခံနေကြတာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း လက်နက်ကိုင်အဆင့်ဆင့်ကို အပေးအယူလုပ်ပြီး ကုန်သွယ်မှုတွေများလာနေတယ်ဆိုပေမဲ့ စီးပွားကူးသန်းရဲ့ ကာလတူကုန်သွယ်မှုစာရင်းတွေမှာတော့ ပဋိပက္ခတွေ တိုက်ပွဲတွေရှိနေတဲ့ကြားက ကုန်သွယ်မှုက သန်း ၃၈၀၀ ကျော် တက်လာတာကို တွေ့ရပြန်ပါတယ်။ တကယ်တော့ ဒီရက်သတ္တပတ်မှာဆို ဩဂုတ်နဲ့ စက်တင်ဘာ ၂ လပေါင်းထက် အောက်တိုဘာရဲ့ FDI ဝင်ရောက်မှုက ဆယ်ဆကျော်များခဲ့တာ ရှိပေမဲ့လည်း စီးပွားရေးသုံးသပ်ချက်အတွက်တော့ အငြင်းပွားစရာဖြစ်လာတဲ့ တိုက်ပွဲတွေကြားက မကျဆင်းတဲ့ မြန်မာ့ကုန်သွယ်မှုတွေအကြောင်း၊ သုံးလတည်းနဲ့ လိုငွေ ကျပ်ဘီလျံ ၁၃၅၆ ဘီလျံကျော်သုံးစွဲတဲ့ ဝန်ကြီးဌာနတွေအကြောင်းနဲ့ အခွန်ရှောင်သူတွေကို အရေးယူတော့မယ်ဆိုတဲ့ အကြောင်းတွေကို တင်ပြချင်ပါတယ်။
တိုက်ပွဲတွေကြားက မကျဆင်းတဲ့ မြန်မာ့ကုန်သွယ်မှု
လက်ရှိ ဘဏ္ဍာနှစ် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မြန်မာ့ကုန်သွယ်မှုဟာ ဒေါ်လာ ဘီလျံ ၂၀ ကျော်ရှိနေပြီး ပြည်သူတွေ သွေးဆူနေတဲ့ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ကာလတူက ဒေါ်လာ ၁၆ ဘီလျံကျော်ပဲ ရှိခဲ့လို့ ကုန်သွယ်မှုဟာ ဒေါ်လာ ၃ ဒသမ ၈ ဘီလျံကျော် ပိုငွေပြခဲ့တယ်လို့ သိရပါတယ်။စီးပွားကူးသန်းရဲ့ စာရင်းတွေမှာလည်း ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ် ပင်လယ်ရေကြောင်းနဲ့ နယ်စပ်ကုန်သွယ်မှုက ပို့ကုန် ဒေါ်လာ ၁၅၇၄၅ သန်းကျော်၊ သွင်းကုန် ဒေါ်လာ ၄၆၅၃ သန်းကျော်ရှိလို့ စုစုပေါင်း ၂၀၃၉၉ သန်းကျော် ကုန်သွယ်နိုင်ခဲ့တာကြောင့် ပို့ကုန်ဒေါ်လာ ၁၁၇၉၄ သန်းကျော်၊ သွင်းကုန်ဒေါ်လာ ၄၇၂၁ သန်းကျော် စုစုပေါင်း ဒေါ်လာ ၁၆၅၁၅ သန်းကျော်ပဲ ဆောင်ရွက်နိုင်ခဲ့တဲ့ ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်ကနေ နိုဝင်ဘာ ၄ ရက် ကာလတူထက် ဒေါ်လာ ၃၈၈၃ သန်းကျော် ပိုမိုကုန်သွယ်နိုင်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ အထက်မှာပြောခဲ့သလိုပါပဲ တရားမဝင်ကုန်သွယ်မှုကြောင့် ပုံပျက်ပန်းပျက်ဖြစ်မသွားတဲ့ မြန်မာ့စီးပွားရေးလည်ပတ်မှုဟာ တရားဝင်မှာလည်း မြင့်တက်လာတယ်ဆိုတာကြောင့် မြန်မာ့စီးပွားရေးကဏ္ဍပျက်သုဥ်းပါပြီလို့ ကြွေးကြော်သူတွေ တိုက်ခိုက်တဲ့ ပုံစံထဲတော့ မဝင်တော့ပါဘူး။ဒါပေမဲ့လည်း ဒီမှောင်ခိုကုန်သွယ်မှုတွေဟာ နိုင်ငံ့အတွက် အခွန်အကောက်မရတဲ့အပြင် ပြည်တွင်းစစ်ကိုပါ ရှည်ကြာအောင် ထောက်ပံ့နေတဲ့ အဓိကဝင်ငွေအရင်းအမြစ်ဖြစ်လို့ ငြိမ်းချမ်းရေးရချင်တယ်ဆိုရင်တော့ အားသွန်ခွန်စိုက် တိုက်ဖျက်ရပါလိမ့်မယ်။
သုံးလတည်းနဲ့ လိုငွေ ကျပ် ၁၃၅၆ ဘီလျံကျော်ဖြစ်အောင် သုံးစွဲတဲ့ ဝန်ကြီးဌာနတွေ
SAC ရဲ့ ဒုတိယသက်တမ်း ၂၀၂၂- ၂၀၂၃ ဘဏ္ဍာနှစ်မှာ ဝန်ကြီးဌာနတွေက သုံးလအတွင်း ကျပ် ၅၇၃၆ ဘီလျံ သုံးစွဲတာကြောင့် လိုငွေက ကျပ် ၁၃၅၆ ဘီလျံကျော် ဖြစ်ပေါ်ခဲ့တယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ သုံးလပတ်အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။ နိုင်ငံ့ဝန်ထမ်းတွေကို SAC ရဲ့ ယန္တရားလည်ပတ်အောင် လုပ်ပေးနေတယ်စွပ်စွဲချက်နဲ့ သတ်ဖြတ်ခံနေရတဲ့ကာလမှာ၊ CDM လုပ်သွားလို့ ဝန်ထမ်းလစာတွေ မပေးရ၊ လုံခြုံရေးအရ လုပ်ငန်းတွေ မလုပ်နိုင်တဲ့ကာလမှာ သုံးလတည်းနဲ့ ကျပ် ၁၃၅၆ ဘီလျံ လိုငွေဖြစ်အောင် သုံးစွဲတယ်ဆိုတာက တွေးဆစရာဖြစ်လာပါတယ်။NLD အစိုးရဟောင်းလက်ထက်မှာတော့ လွှတ်တော်ထဲမှာ သုံးမဲ့ ဘတ်ဂျက်တွေ ဆွေးနွေးလို့ ဝန်ကြီးဌာနတွေရဲ့ မမှန်ကန်တဲ့အသုံးစရိတ်တွေကို ကိုယ်စားလှယ်တွေက ထောက်ပြပြီး ဖြတ်တောက်နိုင်ခဲ့ပေမဲ့ SAC လက်ထက်မှာတော့ ဝန်ကြီးဌာနတွေက တောင်းတဲ့ ဘတ်ဂျက်တွေကို ဝေဖန်စိစစ်ဖြတ်တောက်ဖို့ တောင်းဆိုသူ မရှိတော့ပါဘူး။ ဒီတော့ ဦးသိန်းစိန်လက်ထက်မှာ “ဇီးသီးဗန်းမှောက် ဘတ်ဂျက်”၊ NLD အစိုးရဟောင်းလက်ထက်မှာ “ဘတ်ဂျက်ဘူဖေး” လို့ ပြောစမှတ်တွင်တဲ့အထိ ပုံပျက်ပန်းပျက်ဖြစ်ခဲ့တဲ့ မြန်မာ့ဘတ်ဂျက်ဟာ သုံးသင့်သုံးထိုက်တဲ့ နေရာမှာ သုံးနေတာမှန်ပါရဲ့လားဆိုတာ စိစစ်သင့်ပါတယ်။SAC ဥက္ကဋ္ဌကိုယ်တိုင်ကလည်း ဘတ်ဂျတ်တွေကို တိတိကျကျမှန်မှန်ကန်ကန်သုံးစွဲဖို့ မသုံးနိုင်တာတွေ ပြန်အပ်ဖို့ ပြောထားပါတယ်။ ဒါပေမဲ့ ပြောနေရုံနဲ့ မရပါဘူး။ ကြပ်မတ်စိစစ်ဖို့လိုပါတယ်။ ဥပမာအားဖြင့် ဒီသုံးလပတ်မှာ လဝကလိုဝန်ကြီးဌာနက ပိုငွေ ဘီလျံချီရှိနေချိန်မှာ စီးပွားကူးသန်းလို့ ဝန်ကြီးဌာနက ပိုငွေသန်းရာဂဏန်းပဲ ဘာကြောင့်ရှိနေရတာလဲ တွေးဆစရာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဩဂုတ် ၁၉ ရက်မှာတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအကြားမှာ နာမည်ကောင်းရှိသူ ဦးအောင်နိုင်ဦးဟာ စီးပွားကူးသန်းဝန်ကြီးဖြစ်လာတာမို့ သူ့တာဝန်ယူချိန်မဟုတ်တဲ့ ကာလက အမှားတွေကို ပြင်ဆင်နိုင်ပြီး သူတာဝန်စယူတဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တတိယသုံးလပတ်ကစ အားနည်းချက်တွေ ပြင်ဆင်နိုင်ဖို့ မျှော်လင့်ရပါတယ်။
အခွန်ရှောင်သူတွေ အရေးယူတော့မဲ့
၂၀၂၃နိုင်ငံရေးကို အကြောင်းပြပြီး အခွန်ရှောင်ခဲ့ကြတဲ့ လုပ်ငန်းရှင်တွေကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်က စတင်အရေးယူတော့မှာဖြစ်ပါတယ်။ ဒီလို အရေးယူရာမှာလည်း NLD အစိုးရဟောင်း ပြဌာန်းခဲ့ပြီး ထောင်ခုနစ်အထိ ချလို့ရတဲ့ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေနဲ့ အရေးယူမှာပါ။ ဒါ့အပြင် လိုအပ်ရင်လည်း ထောင် ဆယ်နှစ်အထိ ချလို့ရတဲ့ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူဦးမှာပါ။တကယ်တော့ မြန်မာပြည်က လုပ်ငန်းရှင်တွေအားလုံးလိုလိုဟာ ခေတ်ကာလတွေအရ အခွန်ရှောင်ဖူးသူချည်းလို့ ပြောရမှာပါ။ လာဘ်ပေးမယ်။ အခွန်လျှော့ချဖို့ ညှိမယ်။ သိန်း ၁၀၀၀ အခွန်ကျရင် အစိုးရကို သိန်း ၃၀၀ လောက် သွင်းပြီး သိန်း ၂၀၀ လောက် လာဘ်ပေး သိန်း ၅၀၀ လောက်က အခွန်ရှောင်ခဲ့ကြတာပါ။ ဒီလိုအခွန်ရှောင်နေကြလူတွေဟာ နိုင်ငံရေးဝိရောဓိဖြစ်ချိန်မှာတော့ ဝမ်းသာအားရအခွန်ရှောင်ကြပါတယ်။ ဒါကြောင့်လည်း ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်မှာ ဘီလျံ ၈၃၀၀ ကျော် ရခဲ့ရာက ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာတော့ ဘီလျံ ၃၀၀၀ နီးပါးလျှော့ကျတဲ့အထိ အခွန်မဆောင်ခဲ့တာ တွေ့ရပါတယ်။အဲဒီကာလမှာ နိုင်ငံရေးအခြေအနေကြောင့် လုပ်ငန်းမလည်ပတ်နိုင်လို့လို့ အကြောင်းပြချက်တွေ ပေးနိုင်ပေမဲ့လည်း SAC မို့ အခွန်မဆောင်ဘူး၊ ရွေးကောက်ခံအစိုးရတက်လာမှ အခွန်ဆောင်မယ်လို့ ကြွေးကြော်ခဲ့တဲ့ လုပ်ငန်းရှင်တွေရှိခဲ့တာလည်း လူမှုကွန်ရက်မှာ ပြည့်နှက်ခဲ့တာပါ။ ဒီလိုမျိုး အခွန်ရှောင်မှုတွေကို လာမဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာတော့ ဘယ်လိုကြပ်မတ်မလဲ။ ဒါမှမဟုတ် ကိုယ့်သုံးစွဲမှုအခကြေးငွေဖြစ်တဲ့ မီတာခတောင် မဆောင်၊ မီးလည်းအဖြတ်မခံရ၊ မီးဖြတ်တော့လည်း ခိုးသုံးတဲ့ နိုင်ငံမျိုးမှာ အခွန်ရှောင်သူတွေဆီက အခွန်ငွေလည်း ပြန်ရ၊ လူကိုလည်းအရေးယူနိုင်တာမျိုးဖြစ်အောင် ပြည်တွင်းအခွန်ရုံးက စွမ်းဆောင်ပြနိုင်ပါ့မလားဆိုတာကိုတော့ စောင့်ကြည့်ရဦးမှာပါ။